အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အစာအိမ်အနာဖြစ်ခြင်း (Gastric Ulcer) နှင့် အစာအိမ်နှင့် အူလမ်းကြောင်းကြည့်မှန်ပြောင်း (Endoscopy)

အစာအိမ်အနာဖြစ်ခြင်း (Gastric Ulcer) နှင့် အစာအိမ်နှင့် အူလမ်းကြောင်းကြည့်မှန်ပြောင်း (Endoscopy)

Written By MyanmarChnnel@ on Sunday, November 3, 2013 | 7:39 PM

အစာအိမ်အနာဖြစ်ခြင်း၏ အခြားသောအမည်များ - Stomach Ulcer (အစာအိမ်နာ)၊ Peptic Disease.

အစာအိမ်နာဖြစ်စေသည့်အကြောင်းရင်းခံများ
ကင်ဆာမဟုတ်သည့် သာမန်အစာအိမ်အနာများသည် အစာအိမ်ထဲမှထွက်သည့် အက်ဆစ်ဓာတ်၊ ပက်ပ်စင် (Pepsin) ဟုခေါ်သော အင်ဇိုင်းတစ်မျိုးနှင့် အစာအိမ်မျက်နှာပြင်၏ သဘာဝခုခံစွမ်းအားတို့ကြား မျှခြေမညီခြင်းကြောင့် ဖြစ်ပွားရပေသည်။ ထိုမျှခြေမညီခြင်းကြောင့် ရောင်ရမ်းနေသောအစာအိမ်ကို အက်စ်ပရင်နှင့် အကိုက်အခဲပျောက်ဆေးများ (NSAID) များသောက်ခြင်းက ပိုမိုဆိုးဝါးအောင် ပြုလုပ်လိုက်ပေသည်။


အစာအိမ်အနာဖြစ်စေသည့်အကြောင်းရင်းများမှာ
(၁) အထက်တွင်ဖော်ပြခဲ့သကဲ့သို့ အက်စ်ပရင်နှင့် NSAID များသောက်ခြင်း
(၂) အစာအိမ်ထဲသို့ Helicobacter Pylori ပိုးဝင်ခြင်း
(၃) ကြာမြင့်စွာ အစာအိမ်ရောင်ရမ်းခြင်း
(၄) ဆေးလိပ်သောက်ခြင်း
(၅) အသက်အရွယ် အိုမင်းလာခြင်း
(၆) အသက်ရှူစက် တပ်ဆင်ထားရခြင်း (Mechanical Ventilation)
(၇) သွေးခဲမှု ပုံမှန်မဟုတ်သော ပြဿနာများရှိခြင်းတို့ဖြစ်ကြသည်

အစာအိမ်အနာ၏ရောဂါလက္ခဏာများ
(၁) ဗိုက်အောင့်ခြင်း
ညဘက်တွင် အိပ်နေရာမှလန့်နိုးသည်အထိ ဆိုးရွားစေနိုင်သည်။ အစာအိမ်ဆေးများ (Antacid) သောက်ခြင်း၊ နို့သောက်ခြင်း ဖြင့် သက်သာစေနိုင်ပါသည်။ အစာစားပြီး ၂ နာရီ၊ ၃ နာရီခန့်အကြာတွင် ဖြစ်ပေါ်နိုင်သည်။ အစာမစားဘဲနေသောအခါ ပိုမိုဆိုးရွား နိုင်သည်။
(၂) ပျို့ခြင်း
(၃) အစာမကြေသလိုခံစားရခြင်း
(၄) အန်ခြင်း (အထူးသဖြင့်သွေးအန်ခြင်း)
(၅) ၀မ်းသွားလျှင်သွေးပါခြင်း (သို့မဟုတ်) ကတ္တရာစေးရောင် ၀မ်းအမည်းများသွားခြင်း
(၆) ကိုယ်အလေးချိန်ကျလာခြင်း
(၇) နုံး၍အားမရှိသလိုခံစားရခြင်း
ထို့ပြင် မည့်သည့်ရောဂါလက္ခဏာမှမပြဘဲလည်း ရှိနေနိုင်သည်။

အစာအိမ်အနာအတွက် စမ်းသပ်စစ်ဆေးမှုများ
အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းဖြင့် ကြည့်ရှုခြင်း (Esophagogastroduodenoscopy) နှင့် အစာအိမ်မှ အသားစနမူနာ ( Biopsy) ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ခြင်းတို့က ကင်ဆာမဟုတ်သော အစာအိမ်အနာကို ဖော်ထုတ်ပေးနိုင်သည်။

အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းဖြင့် ကြည့်ရှုခြင်း
( Esophagogastroduodenoscopy) နှင့် အစာအိမ်မှအသားစနမူနာ (Biopsy) ယူခြင်း
အစာအိမ်နှင့်အူလမ်းကြောင်းကြည့်မှန်ပြောင်း ( Endoscopy) ဆိုသည်မှာ ရှည်လျားသေးသွယ်သည့်ပိုက်ပြွန်အား သေးငယ်သည့် ဗီဒီယိုကင်မရာလေးနှင့် တွဲဆက်ထားခြင်းဖြစ်သည်။ ထိုကိရိယာကို လည်ချောင်းမှတစ်ဆင့် ထည့်သွင်းကာ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်အူပိုင်းတို့ကို ကြည့်ရှုရန်အတွက် အသုံးပြုသည်။

စမ်းသပ်မှုမပြုလုပ်မီ ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ။
စမ်းသပ်မှုမပြုလုပ်မီ (၆) နာရီမှ (၁၂) နာရီအတွင်းတွင် အစာမစား၊ ရေမသောက်ဘဲနေရန် လိုအပ်သည့်အတွက် မနက်စောစောတွင် စမ်းသပ်မှု ပြုလုပ်မည်ဆိုပါက တစ်ညလုံး အစာမစား၊ ရေမသောက်ဘဲနေရပေမည်။ စမ်းသပ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို လူနာ နားလည်အောင်ရှင်းပြ၍ လူနာမှ တိကျသေချာစွာ သိရှိသဘောပေါက်ကြောင်းနှင့် စမ်းသပ်မှုပြုလုပ်ရန်အတွက် သဘောတူကြောင်းလက်မှတ် ( Informed Consent) ကို ထိုးထားရမည်။ Aspirin နှင့် အခြားသောသွေးကျဲဆေးများ သောက်သုံးနေရသူဖြစ်ပါက စမ်းသပ်မှုမပြုလုပ်မီရက်များတွင် ရပ်ဆိုင်း ထားရန်လိုအပ်နိုင်သည်။

ဤစမ်းသပ်မှုကို ဘယ်လိုပြုလုပ်ရပါသလဲ။
နာကျင်မှုမခံစားရစေရန်နှင့် မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ဆိုသည်ကို မမှတ်မိစေရန်အတွက် အကိုက်အခဲပျောက်ဆေးနှင့် အိပ်ဆေးတို့ကို ကြိုတင်ပေးလေ့ရှိကြသည်။ ကိရိယာကို လည်ချောင်းတွင်းထည့်သွင်းစဉ်တွင် ချောင်းဆိုးခြင်း (သို့မဟုတ်) အော့အန်ခြင်း မရှိစေရန်အတွက် ထုံဆေးကို လည်ချောင်းအတွင်းသို့ဆေးဖျန်းထားနိုင်သည်။ သွားများနှင့်ကိရိယာအား မကိုက်မိစေရန် ကိရိယာကာကွယ်ပစ္စည်း (Mouth Guard) ကို ခံတွင်းအတွင်းသို့ ဦးစွာထည့်သွင်းထားရသည်။ သွားတုထည့်သွင်းထားသူဖြစ်ပါက ချွတ်ထားရမည်ဖြစ်သည်။ စမ်းသပ်မှုပြုနေစဉ်အတွင်း လိုအပ်ပါက ဆေးသွင်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည်။ ထို့နောက် လူနာသည် လက်ဝဲဘက်သို့စောင်း၍ လှဲအိပ်နေရမည်။ ပေးထားသောအိပ်ဆေးအစွမ်းပြသောအခါတွင် မှန်ပြောင်းကို အစာမျိုပြွန်မှတစ်ဆင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ ပိုမိုပြတ်သားစွာမြင်နိုင်ရန်အတွက် လေကိုပါ မှန်ပြောင်းမှတစ်ဆင့် ထည့်သွင်းသည်။ စမ်းသပ်ချိန်မှာ (၅) မိနစ်မှ (၂၀) မိနစ်ခန့် ကြာနိုင်ပေသည်။
ဤနည်းဖြင့် အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့၏ အနားသတ်မျက်နှာပြင်ကို စစ်ဆေးနိုင်သလို လိုအပ်ပါက မှန်ပြောင်းမှတစ်ဆင့် ဘိုင်အိုစီ ( Biopsies) လည်း ယူနိုင်သည်။ Biopsies ဆိုသည်မှာ အသားစနမူနာယူ၍ အဏုကြည့်မှန်ပြောင်း အောက်တွင် စစ်ဆေးစမ်းသပ်ခြင်းဖြစ်သည်။ ထို့အပြင် အစာမျိုပြွန်တွင် ကျဉ်းနေသောအပိုင်းရှိပါက ကျယ်အောင်ပြန်ချဲ့ခြင်း (သို့မဟုတ်) ဆွဲဆန့်ခြင်း စသည့်ကုသမှုများလည်း ပြုလုပ်နိုင်သည်။

စမ်းသပ်မှုပြုနေစဉ် ဘယ်လိုခံစားရနိုင်သလဲ။
ထုံဆေးဖျန်းထားခြင်းကြောင့် မျိုချရခက်ခဲနိုင်သော်လည်း ဤခက်ခဲမှုမှာစမ်းသပ်မှုပြုလုပ်ပြီး အချိန်အနည်းငယ်အတွင်းဝယ် ကွယ်ပျောက်သွားပေလိမ့်မည်။ ကိရိယာက လည်ချောင်း၏နောက်ပိုင်းကို ထိမိသောအခါ ပျို့ချင်၊ အန်ချင်စိတ် ဖြစ်ပေါ်လာနိုင်သည်။ ၀မ်းဗိုက်အတွင်းတွင် မှန်ပြောင်းရွေ့လျားနေသည်ကို ခံစားသိရှိနိုင်သလို လေပွနေသကဲ့သိုလည်း ဖြစ်နေနိုင်သည်။ Biopsies ယူခြင်းကိုမူ မသိရှိနိုင်ပေ။ အိပ်ဆေးထိုးထားမည်ဆိုပါက မည်သည့်ခံစားချက်ကိုမျှမသိရှိနိုင်သလို စမ်းသပ်မှုပြုခဲ့သည်ကိုပင် သိရှိလိုက်မည်
မဟုတ်ပေ။ နိုးလာသောအခါတွင်မူ ထည့်သွင်းထားသောလေများကြောင့် ဗိုက်ပွသလို ခံစားနေရမည်ဖြစ်သော်လည်း မကြာမီပင် သက်သာပျောက်ကွယ်သွားလိမ့်မည်။ စမ်းသပ်မှု ပြီးဆုံးသည့်အခါဝယ် Gag Reflex ပြန်ရမှသာ အစားအစာနှင့်ရေများကို စတင်စားသုံးသင့်ပေသည်။ သို့မှသာ အစာရေစာများ သီးခြင်းကို ရှောင်ရှားနိုင်ပေမည်။ Gag Reflex ဆိုသည်မှာလည်ချောင်း၏ အနောက်ဘက် တစ်ဖက်တစ်ချက်စီအား ညင်သာစွာထိတွေ့ပါက ပျို့ချင်၊ အန်ချင်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဤစမ်သပ်မှုကို ဘာကြောင့်ပြုလုပ်ရန်လိုအပ်တာလဲ
Endoscopy ကိုအသုံးပြု၍ ရောဂါရှာဖွေမှုမှာ ကုန်ကျစရိတ်ကြီးမားသကဲသို့ အတွင်းကျကျ ပြုလုပ်ရသော စမ်းသပ်စစ်ဆေးမှုလည်း ဖြစ်သောကြောင့် အစာမကြေဖြစ်သော၊ ဗိုက်အောင့်သော လူနာတိုင်းကို Endoscopy ကြည့်ရန်မလိုအပ်ပေ။ အစာအိမ်အနာ အစာအိမ်ကင်ဆာ (သို့မဟုတ်) နှစ်မျိုးလုံးဖြစ်နိုင်ခြေ အလားအလာရှိပြီး အစာမကြေဖြစ်ခြင်း၊ ဗိုက်နာခြင်းဝေဒနာလည်း ခံစားရသော လူနာများအတွက်သာ သင့်လျော်သည်။
အောက်တွင်ဖော်ပြထားသည့် ရောဂါလက္ခဏာများ ဖြစ်ပွားပါကဆရာဝန်မှ Endoscopy ရိုက်ရန် ညွှန်ကြားနိုင်ပေသည်။

ဗိုက်နာခြင်း
ဝမ်းမည်းမည်း (ကတ္တရာစေးရောင်သွားခြင်း)
နာတာရှည်အသည်းရောဂါ (သို့မဟုတ်) အသည်းခြောက်ရောဂါရှိခြင်း
အစားနည်းလာခြင်း (သို့မဟုတ်) အနည်းငယ် စားလိုက်သည်နှင့် ဗိုက်ပြည့်သွားသလို ခံစားရခြင်း
ရင်ပူခြင်း
အစာမျိုပြွန်တွင် အကျိတ်ဖြစ်ခြင်း (သို့မဟုတ်) အစာမျိုပြွန် ကျဉ်းနေခြင်း
အစာ၊ ရေမျိုရခက်ခြင်း (သို့မဟုတ်) မျိုချလျှင် နာကျင်ခြင်း
ရောဂါဇာစ်မြစ် ရှာမရဘဲ သွေးအားနည်းနေခြင်း
ရောဂါဇာစ်မြစ် ရှာမရဘဲ ကိုယ်အလေးချိန်ကျလာခြင်း
သွေးအန်ခြင်း
ကြာမြင့်စွာအန်နေခြင်း
အသက် (၅၅) နှစ်ကျော်မှ အစာမကြေ၍ ဗိုက်နာမှုဝေဒနာ မကြာခဏဖြစ်ခြင်း
ထို့ပြင် အထက်တွင်ဖော်ပြခဲ့သလို Biopsy ယူလိုသောအခါတွင်လည်း Endoscopy ကိုအသုံးပြုနိုင်သည်။

ဘာရောဂါမှမရှိဘူးဆိုရင် Endoscopy မှာဘယ်လိုတွေ့ရမှာလဲ။
အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့မှာ ချောမွေ့၍ ပုံမှန်အရောင် (ပန်းရောင်) ရှိရမည်။ သွေးထွက်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ အနာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများ မရှိသင့်ပေ။

Endoscopy မှာ ပုံမှန်အရောင်မဟုတ်ဘူးဆိုရင် ဘာရောဂါတွေဖြစ်နိုင်သလဲ။
သွေးထွက်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ အနာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများရှိပါက အောက်ပါရောဂါများ ဖြစ်နိုင်ခြေရှိပေသည်။
(၁) ဂျုံ၊ လူး၊ ဆတ်၊ ဘာလီတို့တွင် ပါဝင်သည့် ဂလိုင်ယာဒင် (Gliadin) ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်သော ဆီးလီးယား(တ်) ရောဂါ (Coeliac Disease)
(၂) စားချဥ့်ပြန်ရောဂါ
(၃) အသည်းရောဂါကြောင့် အစာရေမျိုပြွန်ရှိ သွေးကြောများဖောင်းနေခြင်း
(၄) Mallory-Weiss syndrome ကြောင့် အစာရေမျိုပြွန် အက်ကွဲနေခြင်း
(၅) အစာရေမျိုပြွန်ကျဉ်းနေခြင်း
(၆) အစာရေမျိုပြွန်ရောင်ရမ်းနေခြင်း
(၇) အစာအိမ်နှင့် အူသိမ်ဦးပိုင်း ရောင်ရမ်းနေခြင်း
(၈) အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့တွင် အကျိတ် (သို့မဟုတ်) ကင်ဆာဖြစ်ခြင်း
(၉) အစာအိမ် (သို့မဟုတ်) အူသိမ်ဦးပိုင်းတွင် အနာဖြစ်ခြင်း

အစာအိမ်နှင့် အူလမ်းကြောင်း အထက်ပိုင်းစစ်ဆေးမှု (Upper GI Series)
အစာအိမ်နှင့် အူလမ်းကြောင်း အထက်ပိုင်းစစ်ဆေးမှုအတွက် ဘေရီယမ် (Barium) ပါဝင်သော အရည်ကိုသောက်၍ ဓာတ်မှန်ရိုက်ကြည့်ရသည်။ ထိုအခါ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်း၊ အနာရှိခြင်း (သို့မဟုတ်) ယခင်ဖြစ်ပွားဖူးသော အနာကြောင့် အမာရွတ်ဖြစ်ခြင်း (Scarring) တို့ကို မြင်တွေ့နိုင်သည်။ ၎င်းနှင့်စာလျှင် အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းက ကုန်ကျစရိတ်ပိုများ၍ ပိုပြီး invasive ဖြစ်သော်လည်း ပိုမိုတိကျသည်။

အစာအိမ်အနာအတွက် ကုသနည်း
အရှေ့တွင် ဖော်ပြခဲ့သလို Helicobacter Pylori ပိုးကြောင့် အစာအိမ်အနာ ဖြစ်ပွားရသည်ဆိုပါက ကုသခြင်း၏ အဓိကပစ်မှတ်မှာ ထိုပိုးကိုဖယ်ရှားပစ်ရန်ဖြစ်သည်။ ထိရောက်သောကုထုံးလည်းအများအပြားရှိသည်။ အစာအိမ်မှအက်စစ်ထွက်ခြင်းကို ဟန့်တားနိုင်ရန်အတွက် Famotidine (သို့) Nimotidine ကဲ့သို့သော H2 Receptor Antagonist များ (သို့) Omeprazole (သို့) Esomeprazole (သို့) Pentoprazole(Pantocid) ကဲ့သို့သော Proton Pump Inhibitors များနှင့်အတူ ပဋိဇီဝဆေး နှစ်မျိုးကိုတွဲ၍ အသုံးပြုရပေမည်။ ဆေးပတ်လည်သောအခါ Helicobacter Pylori ပိုးပျောက်ကွယ်သွားခြင်းရှိ/မရှိ ပြန်လည်စစ်ဆေးရမည်။
Helicobacter Pylori ပိုးကြောင့် မဟုတ်သော အစာအိမ်အနာများအတွက်မူအစာအိမ်အနာကျက်ဆေးများ ဖြစ်သည့်
Antacid၊ H2Receptor Antagonist နှင့် Proton Pump Inhibitors များဖြင့်ကုသရသည်။ ရေရှည်ကုသမှု ခံယူရန်လိုအပ်နိုင်သည်။ အစာအိမ်အနာမှသွေးယိုစိမ့်ခြင်းရှိပါက အစာအိမ်နှင့် အူလမ်းကြောင်းကြည့်မှန်ပြောင်း (Endoscopy) ကိုအသုံးပြု၍ Cauterized လုပ်ခြင်း (သွေးထွက်သောနေရာကို ရှို့ပစ်ခြင်း) ဖြင့် သွေးထွက်ခြင်းကို ထိန်းချုပ်နိုင်သည်။

သောက်ဆေးနှင့် Endoscopy ဖြင့် ထိရောက်မှုမရှိပါက ခွဲစိတ်ကုသမှုပြုရန် လိုအပ်နိုင်သည်။ အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို ထိန်းချုပ်သည့် ဗေးဂတ်စ် (Vagus) အာရုံကြောကို ဖြတ်ပစ်ခြင်း (Vagotomy) နှင့် အစာအိမ် တစ်ဝက်ခန့်ကို ဖယ်ရှားပစ်ခြင်း (Partial Gastrectomy) တို့ဖြစ်သည်။ တစ်ကိုယ်ရည် ဂရုစိုက်မှုအနေနှင့် အစာကို နည်းနည်းနှင့် မကြာခဏစားခြင်း၊ အချိန်မှန်မှန်စားခြင်းတို့ ပြုလုပ်ရမည့်အပြင် ဆေးလိပ်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကဖင်းဓာတ်ပါသည့် အချိုရည်များ၊ အရက်၊ အက်စ်ပရင်နှင့် အကိုက်အခဲပျောက်ဆေးများ (NSAID) ကို ရှောင်ကြဉ်ရပေမည်။

(ကျန်းမာရေးစာတိုများစုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)



Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်