အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လူးတန်းစား အယူအဆ မြတ်ဗုဒ္ဓ

လူးတန်းစား အယူအဆ မြတ်ဗုဒ္ဓ

Written By MyanmarChnnel@ on Sunday, July 14, 2013 | 8:50 PM

“ လူတန်းစားခွဲခြားမှုကို လိုလားနှစ်သက်ခြင်းမရှိတဲ့ မြတ်ဗုဒ္ဓ ”
•••••••••••••••••••••••••••••••••••••••••••••••••••••••

မြတ်စွာဘုရားရှင်လက်ထက်က ဇာတ်စနစ်မှာ အကြီးအကျယ်
ထွန်းကားသည်။ အိန္ဒိယတွင် ယနေ့အချိန်အထိ ထွန်းကား
နေဆဲဟု သိရသည်။ ဗြဟ္မဏ၀ါဒ ကြီးစိုးလာခြင်းနှင့်အတူ
ဇာတ်စနစ် ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။ ဇာတ်လေးမျိုး
ရှိသည်။ ၎င်းတို့မှာ -
- ပုဏ္ဏားမျိုး၊
- မင်းမျိုး၊
- ကုန်သည်မျိုးနှင့်
- သူဆင်းရဲမျိုးဟူ၍ ဖြစ်သည်။ ဗြဟ္မဏ၀ါဒကျမ်းဂန်များ
အလိုအရ ပုဏ္ဏားမျိုးသည် ဗြဟ္မာမင်း၏ အာခံတွင်းမှ
မွေးဖွားလာသည်။ မင်းမျိုးတို့သည် ရင်ချိုင့်မှ မွေးဖွား
လာသည်။ ကုန်သည်မျိုးသည် ချက်မှ ဖွားသည်။
သူဆင်းရဲမျိုးသည် ဒူးခေါင်းမှ ဖွားမြင်လာသည်ဟု
ဆိုကြသည်။


မြတ်စွာဘုရားရှင် ပွင့်လာသောအခါ သူတို့အမြင်တွင်
လူတန်းစားတစ်ရပ် ပေါ်လာသကဲ့သို့ ဖြစ်ခဲ့သည်။ မြတ်စွာ
ဘုရားရှင်သည် ဇာတ်စနစ်ကို လုံးဝထည့်တွက်ခြင်း မပြုဘဲ
မည်သည့်ဇာတ်စနစ်ကမဆို ဘုရားသာသနာအတွင်း
ဝင်ရောက်လာလျှင် သာကီဝင်မင်းသားဘုရားသားတော်
ဟူသော အမည်ကို ရနိုင်သည်ဟု မိန့်တော်မူထား
သောကြောင့် ဖြစ်သည်။

ဘုရားရှင်၏သာသနာ ခေါင်းထောင်လာသောအခါ နှိပ်ကွပ်
လိုသဖြင့် ဘုရားရှင်နှင့် ရဟန်းတော်များကို “ဗြဟ္မာ၏
ခြေဖမိုးမှ မွေးလာသူများ”ဟု သတ်မှတ်ထားကြလေသည်။

မည်သို့ပင် နှိပ်ကွပ်ထားသည်ဖြစ်စေ မြတ်စွာဘုရားရှင်၏
ကျော်ကြားမှုနှင့် ရဟန်းတော်များ၏ ဂုဏ်သတင်းများမှာ
မည်သို့မျှ တားဆီးမရ။ သာသနာတော်မှာ တဖြည်းဖြည်း
ပိုပို စည်ကားလာခဲ့သည်။ မင်းညီမင်းသားများ၊ သူဌေး
ကုန်သည်များ၊ ဆင်းရဲသားများ….လူတန်းစားမျိုးစုံ
ဝင်ရောက်လာပြီး မြတ်စွာဘုရားရှင်၏ သားတော်အဖြစ်
ခံယူနေခဲ့ကြသည်။ ထိုအထဲတွင် ထိုခေတ်က ကြီးကျယ်သော၊
တပည့်တပန်း များစွာဖြင့် ကျော်ကြားသော ပုဏ္ဏားကြီး
များလည်း ပါဝင်လာကြသည်။

ထိုအထဲတွင် ၀ါသေဋ္ဌပုဏ္ဏားကြီးနှင့် ဘာရဒွါဇပုဏ္ဏားကြီး
တို့လည်း အပါအ၀င် ဖြစ်ခဲ့သည်။ သူတို့သည် မြတ်စွာ
ဘုရားကို ဥပသကာအဖြစ် ကြည်ညိုရုံဖြင့် အားမရနိုင်ကြဘဲ
ဘုရားသာသနာတွင် ရဟန်းအဖြစ်ကို ရယူလိုခဲ့ကြသည်။
ထို့ကြောင့် မြတ်စွာဘုရားရှင်က ပဏာမခွင့်ပြုသည့်အနေဖြင့်
ကိုရင်ဝတ်ခွင့် ပြုလိုက်သည်။ တစ်နေ့သောအခါ ကိုရင်ကြီး
နှစ်ပါး တိုင်ပင်ကြသည်။

“ငါ့ရှင် ဘာရဒွါဇ၊ မြတ်စွာဘုရား စင်္ကြံကြွနေတယ်၊ ဒို့ သွားပြီး
စကားပြောကြရအောင်”

“ကောင်းတာပေါ့၊ သွားစို့လေ”

မြတ်စွာဘုရားရှင်ရှေ့ရောက်သောအခါ ဘုရားရှင်က -

“သင်တို့နှစ်ယောက်က ပုဏ္ဏားတွေအဖြစ်ကနေ ဘုရားသာသနာ
ဝင်လာကြတာနော်၊ သင်တို့ အခုလို ၀င်လာတော့ ပုဏ္ဏားတွေက
သင်တို့ကို မဆဲကြဘူးလား”
ဟု မေးလိုက်သည်။

“ဆဲတာပေါ့ဘုရား”

“ဘယ်လိုတွေများ ပြောပြီး ဆဲကြတာလဲ”

“ဆဲတာကတော့ စုံနေတာပဲဘုရား”
(စာတွင် - အလိုအားလျှော်စွာ ပြည့်စုံ စေ့စပ်သော ဆဲရေးခြင်း
မျိုးဖြင့် ဆဲသည် - ဆိုထားသည်)။

“ဘယ်လိုတွေ ပြောပြီး ဆဲတာလဲ၊ ပြောပါအုံး”

“လောကမှာ ပုဏ္ဏားတွေပဲ ဖြူစင်တာ၊ ကျန်တဲ့အမျိုးတွေက
ယုတ်ညံ့တယ်၊ (ပုဏ္ဏားမျိုးတွေပဲ အသားဖြူတာ၊ ကျန်တဲ့
အမျိုးတွေက အသားမည်းတယ်၊)။ သင်တို့ဟာ ဗြဟ္မာမင်းရဲ့
အာခံတွင်းကနေ မွေးဖွားလာတဲ့ မြင့်မြတ်သူ၊ စင်ကြယ်သူများ
ဖြစ်တယ်၊ ဟို သင်တို့ ဆရာတင်ထားတဲ့ ကတုံးတွေက
ဗြဟ္မာမင်းရဲ့ ခြေဖမိုးကနေ မွေးလာကြတဲ့ လူယုတ်တွေပဲ။
ဒီတော့ သင်တို့ စဉ်းစားကြည့်စမ်း၊ မြင့်မြတ်သူတွေက
ယုတ်နိမ့်သူတွေထံမှာ တပည့်ခံနေတယ်။ ဘယ်လောက်
သဘာဝမကျသလဲ - လို့ ပြောပြီး တပည့်တော်တို့ကို
ဆဲကြပါတယ်ဘုရား”

“အေးပေါ့လေ…သင်တို့ ကိုယ်တိုင် စဉ်းစားကြည့်ကြပေါ့၊ သင်တို့
ပုဏ္ဏားတွေရဲ့ ကြင်ယာဇနီးမယားတွေ ရာသီမလာကြဘူးလား”

“လာကြပါတယ်ဘုရား”

“ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီး နို့တိုက်တာကော
တွေ့ဖူးကြဘူးလား”
“တွေ့ဖူးပါတယ်ဘုရား”

“အေး…ဒီလို သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ပြီး ဒီ အင်္ဂါဇာတ်ကနေ
ထွက်လာကြတာ သိရဲ့သားနဲ့၊ လူတန်းစားတွေ ခွဲခြားပြီး အာခံတွင်းက
မွေးတာ၊ ရင်ချိုင့်က မွေးတာ၊ ချက်က မွေးတာ၊ ဒူးခေါင်းက မွေးတာ၊
ခြေဖမိုးက မွေးတာဆိုပြီး ပြောနေကြတယ်။ ဘယ်လောက် သဘာဝ
မကျလိုက်သလဲ”

“သင်တို့ လက်ရှိ လူ့လောကကို သေချာပြန်ကြည့်လိုက်စမ်းပါ။
လောကမှာ အခြေခံအားဖြင့် မလုပ်သင့်မလုပ်ထိုက်တဲ့
အရာတွေ ရှိတယ်…
-သူတစ်ပါးအသက်သတ်ခြင်း၊
-သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊
-သူတစ်ပါးသားမယားကို ပြုကျင့်မှားခြင်း၊
-လိမ်ညာပြောခြင်း၊
-ကြမ်းကြမ်းတမ်းတမ်းပြောခြင်း၊
-အရေမရအဖတ်မရတွေ ပြောခြင်း
-ဂုံးချောဂုံးတိုက်ခြင်း၊
-သူတစ်ပါးဥစ္စာကို မတရားသိမ်းပိုက်လိုခြင်း၊
-အတွေးအခေါ်အယူအဆမှားယွင်းခြင်း
တို့ဖြစ်တယ်။

ဆင်းရဲသားကလည်း သူ့အသက် သတ်တယ်၊ ခိုးတယ်၊
ကြာခိုတယ်၊ မုသားပြောတယ်၊ …………။ အဲဒီလိုပဲ
သူဌေးလည်း လုပ်တယ်၊ မင်းတွေလည်း လုပ်တယ်၊
ပုဏ္ဏားတွေလည်း လုပ်တယ်။

ဒီ မကောင်းတဲ့ အရာတွေကို ဆင်းရဲသားလည်း လုပ်တာပဲ၊
သူဌေးလည်း လုပ်တာပဲ၊ မင်းတွေလည်း လုပ်တာပဲ၊ ပုဏ္ဏား
တွေကတော့ မလုပ်ဘူးလား၊ လုပ်တာပါပဲ။ ဒီတော့ မကောင်းတဲ့
လုပ်ရပ်တွေဟာ လူတန်းစားပေါင်းစုံမှာ ရှိနေတာပဲလေ။

အဲဒီမကောင်းတဲ့အရာတွေနဲ့ ဆန့်ကျင်ဘက် ကောင်းတဲ့
အရာတွေလည်း လောကမှာ ရှိတယ်။ သူ့အသက် မသတ်ခြင်း၊
သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း၊ တစ်လင်တစ်မယားစနစ်၊
မှန်ကန်စွာပြောဆိုခြင်း…..စတဲ့ ကောင်းတဲ့အရာတွေဟာ
ဆင်းရဲသားတစ်ယောက်မှာလည်း ရှိနိုင်တယ်။ သူဌေးမှာလည်း
ရှိနိုင်တယ်။ မင်းတွေမှာလည်း ရှိနိုင်တယ်။ ပုဏ္ဏားတွေမှာလည်း
ရှိနိုင်တာပဲလေ။

အဲဒီတော့ သူတော်ကောင်း ဆင်းရဲသား၊ သူယုတ်မာ ဆင်းရဲ
သားဆိုပြီး နှစ်မျိုး ရှိလိမ့်မယ်။ အဲဒီလိုပဲ သူတော်ကောင်း သူဌေး၊
သူယုတ်မာ သူဌေး၊ သူတော်ကောင်း မင်း၊ သူယုတ်မာ မင်းဆိုပြီး
ရှိလိမ့်မယ်။ ဒီလိုပဲပေါ့ ပုဏ္ဏားတွေမှာလည်း ကောင်းမှု၊ မကောင်းမှု
အလိုက် သူတော်ကောင်းပုဏ္ဏား၊ သူယုတ်မာပုဏ္ဏားလို့ ရှိနိုင်တာပဲ
မဟုတ်လား”

“ဒီတော့ သူတော်ကောင်း သို့မဟုတ် သူယုတ်မာဆိုတာကို
ဘယ်လို ပေတံနဲ့ တိုင်းတာမလဲ။ လုပ်ရပ်တွေ ကောင်းမွန်
မှန်ကန်မှု ရှိမရှိဆိုတာနဲ့ပဲ တိုင်းတာရမယ်။ တစ်နည်းအားဖြင့်
တရားနဲ့ပဲ တိုင်းတာရမယ်။ လူတစ်ယောက်ကို အကဲဖြတ်ချင်ရင်
- ဒီလူ တရားဘယ်လောက် ပြည့်ဝနေသလဲ - ဆိုတဲ့ပေတံနဲ့
တိုင်းတာရမယ်။”

“ငါဟာ ဖြည့်သင့်ဖြည့်ထိုက်တဲ့တရားကို ဖြည့်ပြီးသွားလို့
လောကမှာ ငါဟာ အမြတ်ဆုံးပဲ။ ဒါဟာ ရမ်းသမ်းမှန်းဆပြီး
ပြောတာ မဟုတ်ဘူး။ တရားပေတံနဲ့ပဲ တိုင်းတာပြီး
ပြောတာဖြစ်တယ်”

“သင်တို့ ပသေနဒီကောသလမင်းကြီးကို သိတယ်မလား။
သူ့သြဇာအာဏာဟာ သာကီဝင်မင်းတွေထက် အဆပေါင်း
များစွာ သာတယ်။ သာကီဝင်မင်းတွေဟာ ပသေနဒီ
ကောသလမင်းကို ရှိခိုးကြရတယ်။ အရိုအသေပေးကြရတယ်။
ခရီးဦးကြိုပြုရတယ်။ ဒါပေမယ့် သာကီဝင်မင်းတွေ ရှိခိုးရတဲ့
ပသေနဒီကောသလမင်းက သာကီဝင်မင်းသားက ဖြစ်လာတဲ့
ငါဘုရားကို ရှိခိုးတယ်၊ အရိုအသေပေးတယ်၊ ခရီးဦးကြိုပြုတယ်။
အဲဒါ ဘာကြောင့်လဲ။ တရားကြောင့်ပေါ့။ ဒါကြောင့်
လောကမှာ အမြတ်ဆုံးက တရားပဲ”

စသည်ဖြင့် အကျယ်တ၀င့် ဟောကြားတော်မူခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူ့တန်ဖိုးကို
အကဲဖြတ်နည်းဖြင့် ယနေ့ ခေတ်ကို စောင်းငဲ့ကြည့်နေခဲ့မိသည်။
အမျိုးဇာတ်အရ တန်ဖိုးဖြတ်မှု (ကမ္ဘာအ၀န်းအတိုင်းအတာအရ)
မရှိတော့သော်လည်း အပြင်ပန်း အဆောင်အယောင်ကို ကြည့်ပြီး
ဂုဏ်သရေရှိမရှိကို အကဲဖြတ်နေကြလေသည်။ စည်းစိမ်ဥစ္စာ
ကြွယ်ဝမှုရှိမရှိဖြင့် လူ၏ ဂုဏ်ကို တိုင်းတာနေခဲ့ကြသည်။

မမြင်နိုင်သော ရင်တွင်းဖြစ် အရည်အချင်းများနှင့် စွမ်းရည်
များကို ကြည့်ပြီး သုံးသပ်မှုကား နည်းပါးသည်။ ဤသည်ပင်
မပြောင်းလဲသော လူသားတို့၏ သဘာဝပင် ဖြစ်ဟန်
ရှိလေသည်။

လူသားတို့၏ မြင့်မြတ်မှုနှင့် ယုတ်ညံ့မှုတို့ကို ဖြစ်စေသော
အရာများကို အာရုံပြုရင်း မိမိ၏ ရင်တွင်းကိုလည်း
ထွင်းဖောက်ဝင်ရောက်ကြည့်မိသည်။ မည်သည့်တရား
များက မည်မျှ ကိန်းဝပ်နေသနည်း။ တစ်ချက်ကလေး
စောင်းငဲ့ကြည့်မိရုံနှင့် အကြာကြီး အမောဖောက်
နေခဲ့လေသည်။

- အရှင်ကုသလသာမိ(ပျော်ဘွယ်)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်