(ဒီဇာတ်လမ်းကို
တင်တုန်းက အပြီးတင်တာဘယ်လိုဖြစ် ကျန်သွားမှန်းမသိလို့ ခုကျန်တာကို
တင်ပေးလိုက်ပါတယ်။ ဝေဖန်အားပေးကြပါအုံးနော် .. လေးစားစွာဖြင့် ... )
ထိုငှက်ကလေးနှစ်ကောင်မှာ ...
************************
သူ မချိတင်ကဲဖြစ်ကာ ရွှေစင့်ကို ဖက်ထားမိလေသည်။ ဖြူဖပ်ဖြူလျော်ဖြစ်နေသော သူမကိုကြည့်ကာ ရင်ထဲတွင်ကြေကွဲစွာ ယူကြုံးမရဖြစ်မိသည်။ ဒီလောက်ထိ ပဲ ဖြစ်သွားခဲ့သလေသလား ချစ်သူရယ် .. ။
သူတို့နှစ်ဦး စကားပင်မဆိုနိုင်ပဲ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထား မိသည်။ အတန်ကြာသည်အထိ ပတ်ဝန်းကျင်ကိုမေ့လျော့နေကြသည်။ မတွေ့ရသည့်ရက်အတွင်း လွမ်းဆွတ်မှုက ဖြေမရနိုင်အောင်ပင် ... ။
'' ရွှေစင်ရယ်.. လွမ်းလိုက်တာ ''
''တူတူပါပဲ.. ရွှေစင်လဲ လွမ်းတာပေါ့ ''
'' အင်း .. ''
'' နောက်ဆို ရွှေစင်ကို မထားခဲ့ပါနဲ့နော် ၊ ရွှေစင် ကိုကိုနဲ့ ထပ်ပြီး မခွဲနိုင် လို့ပါ၊ ရွှေစင်သေလိမ့်မယ် ကိုကိုရယ် .. ''
''တူတူပါပဲကွာ ကိုကိုလဲ မခွဲနိုင်ဘူး ''
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချစ်မ၀သော မျက်လုံးများနှင့် ချစ်ခင်စုံမက်စွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေမိသည်။ ထိုအချိန်တွင် ရွှေစင်ပျောက်သဖြင့် လိုက်ရှာလာသော ဒေါ်မိုးဇာတစ်ယောက် နာမည်တစ်ကြော်ကြော်အော်ကာ မြစ်ကမ်းဘက်သို့ ရောက်လာခဲ့သည်။
'' ရွှေစင်.. သမီးလေး ရွှေစင် ဘယ်မှာလဲ ''
'' ရွှေစင်ရေ..... ''
သခင်ကြီးပြန်လာတော့မည်မို့ ရွှေစင်ကို အခန်းမှာ ပြန်ထားမှဖြစ်မည်လေ။ နာမည်အော်ကာ လိုက်ရှာလာသော ဒေါ်မိုးဇာတစ်ယောက် ရှေ့က ငှက်ပျောပင်တွေ နား ရောက်လျှင် ခြေစုံရပ်ကာ မှင်သက်နေမိတော့သည်။ သူမ မြင်နေရသည်က သားလေးမောင်လူမွန်နှင့် သမီးလေး ရွှေစင်သွန်းတို့ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားသည်ကိုလေ။ သားအရင်းနှင့် သမီးမို့ မကြည်ဖြူနိုင်တာ မရှိပေမယ့် သခင်ကြီးကတော့ ဘယ်လိုမှ သဘောတူမှာ မဟုတ်ပေ။
ဟူး ........................။
ရင်မောလိုက်တာကွယ် ။ သူမ မအော်ရက်တာကြောင့် အိမ်ကြီးဆီသို့ လှည့်ပြန် ရန် ပြင်လိုက်သည်။ သ ခင်ကြီးလဲ ပြန်မလာသေးပါဘူးလေ ။ ဒေါ်မိုးဇာ လှည့်ပြန်သွားသည်ကို ချစ်သူနှစ်ဦးကတော့ မသိလိုက်ပါ။ သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်က တင်းတင်းဆုပ်ရင်း
'' ရွှေစင် ကိုကို့နားမှာနေမယ်မဟုတ်လား ''
''နေမှာပေါ့ ရွှေစင် ကိုကိုနဲ့ မခွဲနိုင်ဘူး ''
'' ခုချိန်ကစပြီး မခွဲဘူးနော် ''
'' တကယ်နော် ''
''ကတိ ပေးတယ် ''
''ရွှေစင်ယုံပါတယ် ''
ထိုအချိန်တွင် မြို့ထဲမှ ပြန်လာသော သူဌေးကြီးကို အိမ်ကြီးပေါ်မှ ဒေါ်မိုးဇာ လှမ်းမြင်လိုက်သဖြင့် သားနှင့်သမီးဆီ ပြေးဆင်းလာခဲ့သည်။
'' သား ...''
''သမီး ''
ဒေါ်မိုးဇာတစ်ယောက် စိုးရိမ်စိတ်များဖြင့် အော်ကာ ပြေးလာသည်။ ဒေါ်မိုးဇာအသံကို ကြားမိသော ရွှေစင်မှ လူမွန်လက်ကိုဆွဲကာ တံတားပေါ်သို့ ပြေးဆင်းလေသည်။ တံတားပေါ်အရောက် တစ်ဖက် တံတားထိပ်တွင် သူတို့ကို ကြည့်နေသာ သူဌေးကြီး ဦးငွေမင်း ။ ရွှေစင်မှာ ရှေ့တိုးလဲ မရ နောက်ဆုတ်လဲမဖြစ်တာကြောင့် တံတားအလယ်တွင် လူမွန်လက်ကိုဆွဲကာ...
'' ကိုကို ... ''
ဟု အားကိုးတကြီးခေါ်ရှာသည်။ မောင်လူမွန်မှာလဲ ဘာလုပ်ရမှန်းမသိ။ ခဏအကြာ ရွှေစင်မှ
'' ကိုကို ရွှေစင်တို့နောက်ထပ် မဝေးဘူးနော် ..ခွဲလဲ မခွဲဘူး ''
''အင်း မခွဲပါဘူး ''
'' ရွှေစင်တို့ကို အတင်းခွဲလဲ ကိုကို မထားခဲ့ရဘူးနော် ''
'' ရွှေစင် ကိုကိုမေးတာကို သေချာတွေးပြီးဖြေနော် ''
'' ရွှေစင် ကိုကိုနဲ့အတူ သေရဲလား ''
ရွှေစင် ခဏမျှ ငြိမ်သွားသည်။ ထို့နောက် ..
'' ကိုကိုနဲ့ဆို အရာရာကို ရင်ဆိုင်ရဲတယ် ''
'' ဒါဆို ကိုကိုတို့ကို မခွဲနိုင်အောင် မြစ်ထဲခုန်ချမှဖြစ်မယ်၊ လိုက်ရဲလား ဟင် ''
'' လိုက်ရဲတယ် ''
ခေါင်းလေး မော့ကာ တောက်ပသော မျက်ဝန်းတို့ဖြင့် မောင်လူမွန်လက်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။ ထိုအချိန်တွင်
'' သမီး ခု ပြန်လာခဲ့.. အဲလိုလူနဲ့ ကြိုက်စရာလား.. ''
'' မလာနိုင်ဘူး ဖေဖေ၊ သမီးတို့ကိုမခွဲပါနဲ့ ''
'' တိတ်စမ်း၊ အစေခံတစ်ယောက်နဲ့ လုံးဝသဘောမတူနိုင်ဘူး၊ ခု လာခဲ့စမ်း ''
'' သမီးတို့ကို နားလည်ပေးပါ ''
'' သမီး ပြန်လာခဲ့၊ သူ့ထက်သာတာတွေ အများကြီး ဖေဖေရှာပေးမယ်''
ပြောပြောဆိုဆိုသူဌေးကြီးက တံတားပေါ်သို့လာရန် ပြင်လိုက်သည်နှင့်
'' တိုးမလာနဲ့နော် သမီးတို့ ခုန်ချလိုက်မယ်.. လုံးဝတိုးမလာနဲ့ ''
ထိုစကားကြောင့် ဦးငွေမင်းခြေလှမ်းများ ရပ်တန့်သွားသည်။ ထပ်မတိုးရဲ။ သူတို့အော်ဟစ်သံ ငိုသံများ အခြေအတင်ပြောသံများ၊ ဆူဆူညံညံအသံများကြောင့် ပတ်ဝန်းကျင်မှ လူများ တစ်စတစ်စ များလာကာ ထိုမြစ်ကမ်းနံဘေးတွင် စည်ကားနေလေသည်။ အားလုံးက တံတားပေါ်က ချစ်သူနှစ်ဦးဆီတစ်လှည့် တံတားထိပ်နှစ်ဖက်မှ လူကြီးနှစ်ယောက်ထံတစ်လှည့် ကြည့်နေကြသည်။ ရုတ်တရက် သူဌေးကြီးမှ
'' မကြားချင်ဘူး ၊ ဟေ့လူတွေ ငါ့သမီးကို ငါ့ဆီရောက်အောင် ခေါ်နိုင်မယ့်သူကို ငါ့သမီးနဲ့ပေးစားမယ် ''
'' သူဌေးကြီး တကယ်ပြောတာလား ''
''အေး ရအောင်သာ ခေါ်ခဲ့''
'' မတိုးလာနဲ့နော် .. ဘယ်သူမှ မတိုးလာနဲ့ ''
''မတိုးလာနဲ့လို့ပြောနေတယ်နော်.. မြစ်ထဲခုန်ချလိုက်မယ် ''
ရွှေစင် စကားကြောင့် လူများ ခဏရပ်တန့်သွားသည်။ ဒေါ်မိုးဇာမှ
'' သား.. သမီး မလုပ်နဲ့နော်၊ မလုပ်နဲ့ ''
'' ဘယ်သူမှ မတိုးလာနဲ့နော် ''
''သမီးလေး.. ခုန်မချလိုက်နဲ့၊ အမေဇာ တောင်းပန်ပါတယ် ''
'' မလာခဲ့နဲ့နော်၊ တကယ်ခုန်ချမှာ ''
ရွှေစင်က တစာစာအော်နေသော်လဲ လူမွန်ကတော့ တစ်ခွန်းမှ မအော်။ ရပ်ပြီး အားလုံးကို ကြည့်နေသည်။
'' ဟေ့လူတွေ ဂရုမစိုက်နဲ့ ငါ့သမီးကို ရအောင်ခေါ်ခဲ့''
သူဌေးကြီး စကားကြောင့် ကာလသားတစ်ချို့ အနားတိုးရန်ပြင်လိုက်စဉ် လူမွန်မှ ရွှေစင့်ကို ဖက်ကာ ရုတ်တရက်မြစ်ထဲခုန်ချပစ်လိုက်သည်။ ရွှေစင်မှာလဲ လူမွန်ကို ပြန်လည်ဖက်တွယ်ကာ ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက် ပြုံး ကာကြည့်ရင်း အေးမြနက်ရှိုင်းသော မြစ်ထဲသို့ ၀ုန်းခနဲ မြှုပ်သွားလေသည်။
သူတို့နှစ်ဦးသည် ဒေါ်မိုးဇာ၏ ရင်ကွဲအော်သံနှင့် သူဌေးကြီး၏ တားမြစ်သံ ကို နောက်ဆုံးကြားရပြီး အေးစိမ့်သော ရေပြင်အောက် ငြိမ်သက်စွာ နစ်မြှုပ်သွားလေပြီ။
'' သား ... သမီး .... အမေ့ကို ထားခဲ့ပြီလား ''
ဒေါ်မိုးဇာတစ်ယောက် ရင်ကွဲမတတ်ဖြစ်ကာ နေရာမှာပင် လဲကျသွားလေသည်။ တစ်ဖက်တံတားထိပ်မှ ဦးငွေမင်းမှာလဲ နေရာမှာပင် ထိုင်ရက်သားဖြစ်သွားလေသည်။ သူ့မျက်လုံးများက လှိုင်းကလေးများ လှုပ်နေသေးသော ရေပြင်ဆီ.. ။
'' သမီး ''
ဆို့နင့်နေသော အသံတို့က လည်ချောင်းဝမှာပင် ပျောက်ကွယ်သွားခဲ့သည်။ မိတဆိုး သမီးလေးကို ချစ်မ၀သည့်အတွက် မည်သူနှင့်မျှ ပေးမတွေ့ခဲ့သလို မိမိလဲ နောက်အိမ်ထောင်မပြုပဲ သမီးကိုသာအချစ်ပိုခဲ့သည်ကို သမီးမသိသော်လည်း ခုတော့ သူ့အတ္တ မာန တွေကြောင့် သမီးလေး သူ့ဘ၀ထဲမှ အပြီးခွဲထွက်ခဲ့လေပြီ။
ဦးငွေမင်းသည် တံတားအလယ်သို့ ယိမ်းယိုင်သော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လှမ်းလာသည်။ ထို့အတူ ဒေါ်မိုးဇာမှာလဲ တံတားအလယ်သို့ ချိနဲ့သော ခြေလှမ်းတို့ဖြင့် လှမ်းလာသည်။ မောင်လူမွန်နှင့် ရွှေစင်သွန်းတို့ ရပ်ခဲ့သော နေရာတွင် ရပ်ကာ မြစ်ရေကို ငုံ့ကြည့်ကြသည်။
'' သား .. သမီးလေး .. ဖေဖေ့အတ္တတွေကြောင့် သားနဲ့ သမီးကို ဆုံးရှုံးလိုက်ရတာ... ဖေဖေ့ကို ခွင့်မလွှတ်ပါနဲ့ .. ခွင့်မလွှတ်ပါနဲ့ ''
''သမီး... သား ... ဖြစ်မှဖြစ်ရလေ ''
ဒေါ်မိုးဇာနှင့် သူဌေးကြီးတို့နှင့် လူအားလုံး ကြည့်နေကြစဉ် ရေထဲမှ အဖြူရောင်ငှက်ကလေးနှစ်ကောင် ကောင်းကင်သို့ ပျံတက်လာ သည်။ ပြီး လျှင် မြစ် ကမ်းဘေးရှိ စကားဝါပင်လေးတွင် နားကာ တေးသီနေလေသည်။ ဘာအပူမှ မရှိသကဲ့သို့ အေးချမ်းစွာဖြင့် တေးသီနေသော ထိုငှက်ကလေးနှစ်ကောင်မှာ လူအုပ်ကြီးကို တစ်ချက်ကြည့်ရင်း သစ်ပင်ထက်ဝယ် ကျီစယ်နေကြသည်။
တကယ်တော့ ထိုငှက်ကလေးနှစ်ကောင်မှာ မောင် လူမွန်နှင့် ရွှေစင်သွန်း တို့ ဖြစ်သည်ကိုတော့ .............
လွမ်းဆုလေး
ကြိုးစားပါအုံးမည်။

0 comments:
Post a Comment