ကံဇာတ်ဆရာရဲ့
ဇာတ်ညွှန်းတိုင်းမှာ
ခေါင်းဆောင်ရော ရှေ့ထွက်ပါ
တာဝန်ယူ ကပြခဲ့တဲ့ ကျွန်မ။
ကြေကွဲမှုတွေသာ
ထွေးပွေ့ထားတဲ့ ကျွန်မ အတွက်
ပွဲကြည့်လာ ရေစက် က
ပေးဆပ်ခြင်းကို နားလည်ဖို့
သူ နဲ့
ရင်းနှီးခွင့်ပေးတယ်။
အတိတ်မှာမရခဲ့ဖူးသော
ကြည်နူးခြင်း ပျော်ရွှင်ခြင်းနဲ့
အေးချမ်းမှုတွေကို
ပြသပေးခဲ့တဲ့ သူ ... ။
သူ့အပေါ် ညွှတ်တိမ်း
သံယောဇဉ်တွေ နက်ရှိုင်းလေမှ
ကံဇာတ်ဆရာက
တစ်ခန်းပြောင်း
မုန်တိုင်းကျရမည်တဲ့ ။
နာကျင်ခြင်းရော
ခံစားခြင်းပါ ရောထွေးထားတဲ့
လောကဓံ စင်ပေါ်မှာ
သင်္ခါရမီးမောင်းတွေ ထိုးပြရင်း
ကျွန်မရင်ကိုခွဲ အသဲကိုယူဖို့
အားခဲနေကြလေရဲ့။
ဝေဒနာရဲ့ ခါးသီးမှု အဆုံးမှာ
အထီးကျန်ခြင်းကို အဖော်အဖြစ် ပေးအပ်
တရွေ့ရွေ့ ထွက်ခွာသွားတဲ့
သူ့ကျောပြင်ကို ငေးကြည့်ရင်း
အလွမ်းမင်းသမီးအဖြစ်
ဆက်လက် ကပြရအုံးမယ့် ကျွန်မ။
အနှိုင်းမဲ့ နာကျင်နေပေမယ့်
ဇာတ်ဆရာအလိုကျ
ကပြရမယ့် ကျွန်မ ဟာ ...
ဒီဇာတ်ရဲ့ ပင်တိုင်စံ မင်းသမီး ..
သြော်.....
ပင်တိုင်စံ မင်းသမီးပါလေ။
0 comments:
Post a Comment