ဖြူစင်ရိုးသား
ကျွန်မနှလုံးသားနဲ့
အပြစ်မမြင်မိ
အဆုံးထိ ချစ်ချင်သူပါမောင်။
ငြိမ်းချမ်းချင်မိ
အချစ်လရိပ်အောက်မှာ
အေးချမ်းစွာ ရှိချင်ခဲ့လို့
အရာရာကိုစွန့် မောင့်ဆီကိုလှမ်း
လက်ကမ်းမိသူပါ။
အချစ်ရဲ့တစ်ဖက်က
သောကမီးတောင် ဝေဒနာထောင်ချောက်
မောင် ဆင်ထားတာကိုလဲ
တစ်ချက်လေးမှ မသိခဲ့သူပါမောင်။
မောင် ခင်းပေးတဲ့လမ်း
မာယာဓားလက်နက်
ဘယ်လောက်ထက်လဲ
ဝေဖန်စဉ်းစား မတွေးခဲ့သူပါ ။
အချစ်တစ်ခု ...
အတုလား အစစ်လား
သေချာတွေးဖို့ ကျွန်မ
ကြောက်နေမိလို့
သံကွန်ချာအထပ်ထပ်နဲ့
ချောင်ပိတ်ခံရသူပါမောင်။
မောင်ပေးတဲ့အချစ်
အဆိပ်လက်နက်ပြောင်း
ကျွန်မရင်ကို လောင်းခဲ့ပေမယ့်
လောင်ကျွမ်းနေ ဒီအသဲ
မောင့်ကိုမှ ချစ်ဆဲ တမ်းတဆဲမို့
ပြာကျသွားတောင် အမှတ်သည်းခြေ
ထားရမှန်းမသိ နာကျည်းရမှန်း မသိနဲ့
တ၀ဲလည်လည် ဖြစ်နေအုံးမယ့် သူပါမောင်။
အမုန်းကုဋေကဋာနဲ့ ကျွန်မရင်ကိုခွဲ
ကျွန်မ အသဲကို ဆွဲထုတ်လိုက်တောင်မှ
အချစ်ကြီးတဲ့ ဒဿဂီရိလို
ကျွန်မ နှလုံးသား
မောင့်အတွက် နှင်းအပ်ထားမယ့်သူပါ မောင် ။
လွမ်းဆုလေး
0 comments:
Post a Comment