အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မင်္ဂလာနှင့် အိမ်ထောင်”

မင်္ဂလာနှင့် အိမ်ထောင်”

Written By MyanmarChnnel@ on Thursday, October 2, 2014 | 3:27 AM



“ထောင်-ဆိုတာ တာဝန်မဲ့သူ၊ ဥပဒေချိုးဖောက်သူတို့ ကျရောက်ရတဲ့ လွတ်လပ်ပျော်ရွှင်မှု အားလုံး ဆိတ်သုဉ်း ရာ အကျဉ်းစခန်းကြီးဖြစ်သလို၊ “အိမ် ထောင် ဆိုတာလဲ。。。”

ကဲ ‘မင်္ဂလာဆောင်တယ်’ ဆိုတာနဲ့ ပတ်သက်လို့ နည်းနည်းပြောကြဦးစို့။ မင်္ဂလာဆိုတာကြီးပွား ချမ်းသာခြင်း ရဲ့ အကြောင်းအရာကို ခေါ်တာ။

“ကြီးပွားချမ်းသာ၊ ကြောင်းများစွာ၊ မင်္ဂလာဟုခေါ်” ဆိုတဲ့လင်္ကာအတိုင်းပေါ့။ မြတ်စွာဘုရားဟောတော်မူတဲ့
မင်္ဂလာတရားက (၃၈)ပါးတောင် ရှိပါတယ်။ မိတ်ကောင်း ဆွေကောင်းနဲ့ ပေါင်းသင်းဆက်ဆံတာ ကစပြီး နိဗ္ဗာန်ရောက်တဲ့အထိပါပဲ။

ဒါပေမယ့် မြန်မာစကားမှာ ပုတ္တဒါရသင်္ဂဟမင်္ဂလာရဲ့ ရှေ့ပြေးဖြစ်တဲ့ ခုလို ထိမ်းမြားလက်ထပ်ပွဲကိုမှ
“မင်္ဂလာဆောင်တယ်” လို့ ထင်ထင်ရှားရှားပြောဆိုသုံးစွဲကြတာကတော့ မိဘတို့ရဲ့ဆန္ဒကို သိစေချင် တဲ့ ပုဗ္ဗနိမိတ်ပြစကားအဖြစ်နဲ့ သုံးစွဲတယ်လို့ ဆိုရမလားဘဲ။
 

မြတ်စွာဘုရားဟောတော်မူတဲ့ “မင်္ဂလာ” ဆိုတာတွေကို သေသေချာချာလေ့လာကြည့်လိုက်ရင် လိုက်နာ ကျင့်ကြံရမယ့် ‘တာဝန်’ တွေဆိုတာ တွေ့ရတယ်။ဒါကြောင့် ‘မင်္ဂလာ’ ဆိုတာ ‘လူ့တာဝန်’ လို့ ခံယူရမယ့် ၊လုပ်ဆောင်စရာ လိုက်နာစရာတွေကို ပြောနေတာပါ။

မြန်မာစကားမှာ “ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ” လို့ အကျိုးနဲ့ အကြောင်းကို အတွဲလိုက် ပြော ဆိုလေ့ရှိပါတယ်။ အကြောင်းနဲ့အကျိုးကို ခွဲခြားဆက်စပ်ကြည့်လိုက်မယ်ဆိုရင် ●‘တာဝန်ကျေရင် ကျက်သရေ မင်္ဂလာရှိမယ်။ကျက်သရေမင်္ဂလာရှိရင် ကောင်းကျိုးချမ်းသာပြည့်စုံမယ်’ လို့ ဆိုလိုရင်းဖြစ်ပါတယ်။

●ဒီစကားတွဲရဲ့ ဆန့်ကျင်ဘက်အဖြစ်နဲ့ တာဝန်မဲ့ရင် ကျက်သရေမင်္ဂလာမဲ့မယ်၊ ကျက်သရေ မင်္ဂလာ မဲ့ရင် ကောင်းကျိုးချမ်းသာလည်းမဲ့လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း နားလည်ရလိမ့်မယ်။ ဒါက မင်္ဂလာ ရဲ့သဘော အဓိပ္ပါယ်ပါ။

‘ဆောင်တယ်’ ဆိုတာကတော့ သယ်တာ ယူတာပါပဲ။ တာဝန်တွေပိုပြီးဆောင်ယူမယ်လို့ဆိုလိုပါတယ်။
ဥပမာ-အခု ဇနီးမောင်နှံတို့ဘဝကို ပြန်ကြည့်ကြည့်ပါ။ ထိမ်းမြားလက်ထပ်မပြုခင်က မိဘအိမ်မှာ
ကိုယ်ကသားသမီးတာဝန်ပဲရှိတယ်။ မိဘဆိုတာ လက်ဦးဆရာဖြစ်လို့ ကိုယ်က တပည့်တာဝန်ပဲရှိတယ်။

မိဘက ဦးစီးနာယကဖြစ်လို့ ကိုယ်က နောက်လိုက်တာဝန်ပဲရှိတယ်။ အဲဒီလို တာဝန်တစ်ဝက်တစ်ခြမ်းပဲရှိခဲ့ တာ။ အခုကိုယ်က မိဘနေရာ၊ လက်ဦးဆရာနေရာ၊ ဦးစီးခေါင်းဆောင်နေရာကို ယူလိုက်ပြီဆိုတော့
တစ်ဖက်မှာ ကိုယ့်ရဲ့မိဘကလည်း ရှိလေတော့ သားသမီးတာဝန်၊တပည့်တာဝန်၊ နောက်လိုက်တာဝန်လည်း ရှိနေတုန်း၊ ကိုယ်ကိုယ်တိုင် မိဘတာဝန်၊ လက်ဦးဆရာတာဝန်၊ ဦးစီးနာယကတာဝန်ကိုပါ ထပ်ယူ ရတော့မယ်။ အဲဒီလို တာဝန်တွေပိုပြီးဆောင်ယူတာပါ

ဒါက တစ်ယောက်ချင်းစီအနေနဲ့ပြောတာ။ နှစ်ယောက်ပေါင်းအနေနဲ့ကြည့်မယ်ဆိုရင် မိမိတို့မှာ မူလက တစ်ဖက်တစ်မိဘစီပဲရှိခဲ့ကြတာ။ ခုတော့ ဇနီးမောင်နှံအချင်းချင်းက နှစ်ကိုယ်တစ်စိတ်အဖြစ် လက်တွဲပေါင်း စပ်ခဲ့ကြပြီဖြစ်လို့ မိဘဆွေမျိုးများကိုလည်း နှစ်မိဘ တစ်မိဘ၊ နှစ်ဆွေမျိုးကို တစ်ဆွေမျိုးတည်းအဖြစ်လည်း ခံယူကြရမှာပဲ။

ဒါကြောင့် မာတာပိတုဥပဋ္ဌာန မင်္ဂလာ၊ ဉာတကသင်္ဂဟမင်္ဂလာတို့လည်း တစ်ဆ တိုးပြီး ဆောင်ယူ လိုက်ကြတဲ့သဘော ဖြစ်လာလို့ မင်္ဂလာတွေပိုပြီးယူတယ်၊ ဆောင်တယ်ဆိုတဲ့ နိမိတ်ကောင်းယူပြီး ‘ထိမ်းမြား လက်ထပ်ခြင်း’ ကို ‘မင်္ဂလာဆောင်တယ်’ လို့ ကင်းပွန်းတပ်ပြောဆိုကြတာ
ဖြစ်မယ်ထင်ပါတယ်။ မိဘဆွေမျိုးတို့ရဲ့ ဆန္ဒကလည်း ဒီလိုပဲ ရှိကြမှာပါ။

တစ်ကိုယ်ရေတစ်ကာယသမားတွေမှာ ခုလိုမင်္ဂလာတွေ အစုံလိုက်အပြည့်အဝမရှိဘဲ တစ်ဝက်တစ်ခြမ်းပဲ ရှိကြလို့များအစကပြောခဲ့တဲ့ ကဗျာဆရာက ‘လူလားမမြောက်သေး’ လို့ ခနဲ့ပြောလိုက်သလားပဲ။

ဒီလိုပြောလိုက်လို့ ဟိုနောက်နားက လူလား မမြောက်ကြသေးသူတွေ အားမငယ်ကြနဲ့။ တို့အတွက် အလွန်အားတက်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖက်လိုက်ရဖူးတယ်။ ကဗျာက-

“ငါအိပ်တယ်၊
ငါနိုးတယ်၊
နံဘေးမှာကြည့်ဘာမျှမရှိ
သြော်.. . ကျယ်ဝန်းလိုက်ပါဘိ” တဲ့။

သားမယား ကျွေးမွေးစောင့်ရှောက်မှု ကြောင့်ကြစရာ၊ပူပန်စရာ အရှုပ်အထွေးကင်းတဲ့အတွက် တစ်ယောက် တည်းအိပ်စရာ ကျောတစ်ခင်းစာလောက် နေရာကလေးရှိလည်း ကျယ်ဝန်းနေတာပဲလို့ ဆိုချင်ပုံရပါတယ်။

 

မြတ်စွာဘုရား ဟောတော်မူတဲ့ ‘အဗ္ဘောကာသေပဗ္ဗဇ္စာ = ဘဝဝဋ်ဘောင် အလွတ်ရှောင်သူတို့ရဲ့ဘဝဟာ လွင်တီးခေါင်လို ကျယ်ဝန်းတယ်’ ဆိုတဲ့ စကားနဲ့ကိုက်ညီလို့ တစ်ကိုယ်တည်းသမားတွေအနေနဲ့ အိပ်ရာ ကနိုးတိုင်း ဥဒါန်းသဘောမျိုး ကျူးရင့်နေဖို့ကောင်းတယ်။ ရသေ့စိတ်ဖြေ လို့ ပြောချင် လည်း ပြောကြပါစေပေါ့။

အဲ-လူလားမြောက်ပြီးကြတဲ့ ဇနီးမောင်နှံတို့ကတော့ရာသက်ပန်ခိုင်မြဲရေးမှာ အချင်းချင်းယုံကြည် စိတ်ချမှု ဟာ အဓိကဖြစ်တဲ့အတွက် အချင်းချင်းယုံကြည်လောက်တဲ့ကိုယ်ကျင့်တရားကို အခိုင် အမာ စောင့်စည်း တည်ဆောက်ကြပြီးထမ်းဆောင်ရမယ့်  မင်္ဂလာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြတဲ့ ‘မင်္ဂလာဆောင်သူ’ စစ်စစ်များဖြစ်အောင် ကြိုးစားကြပေရော့။

ဒီလိုမဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေမဖြစ်ဘဲ ၊အိမ်ထောင်ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်။

‘ထောင်’ ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေကျရောက်ရမယ့် လွတ်လပ်ပျော်ရွှင်မှု
အားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီးဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပဲ။ 

‘အိမ်ထောင်’ ဆိုတာလည်း မိသားစုတာဝန် ပျက်ကွက်သူ၊ ကိုယ်ကျင့်တရား ချိုးဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းရာနေရာကို ခေါ်တာပါ။ ကိုယ်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်ကတော့ ကောင်းကျိုးချမ်းသာ ကျက်ကရေမင်္ဂလာတိပြီးတဲ့ ပျော်ရွှင်စရာ သီရိဂေဟာကြီးဖြစ်ကြမှာပါ။

ဒီလိုအခိုင်အမာယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင်နှံများ ဖြစ်နိုင်ကြပါစေ။

-【တောင်စွန်း ဓမ္မဘေရီဆရာတော်၏ “ကြောက်တတ်ရင်ရှေ့တိုး နှင့် မထေရ်မြတ်တို့
စကားဝိုင်း (၂) ” စာအုပ်မှ-】
Posted by ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.32227835778218
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်