ကိုယ့်စိတ်လေးကို ကိုယ်ပြင်ဖို့ရာအတွက် ဒါလေးတွေက စိတ်ဆင်ရိုင်းကို ချွန်းအုပ်ဖို့ရာ ဆင်ခြင်စဉ်းစားရမယ်။ အသိဥာဏ်နဲ့ အဲဒီလို ဆင်ခြင်စဉ်းစားပြီး အဓိကကတော့ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ပဲ။ ကောင်းတာတွေကြီးပဲ လုပ်သွားကြတယ်။ လောကကို အဓိကထားတယ်။ ကိုယ့်ကိုယ်ကို အဓိကထားတယ်။
ရှေးတုန်းက ဒီလိုအဓိကထားတာလေးနဲ့ ပတ်သက်ပြီးတော့ ပြောပြဦးမယ်။ လောကဆိုတာ ကိုယ့်ရဲ့ အရာဝတ္ထုတစ်ခုခု ဘာပဲဖြစ်ဖြစ်ပေါ့လေ အဓိကထားတာ။ ရှေးတုန်းက သာဝတ္ထိပြည်မှာ သိပ်ဆင်းရဲတဲ့ ကလေးလေးတစ်ယောက် ပုဆိုးလေးကလဲ စုတ်ပြတ်နေတဲ့ပုဆိုး၊ ပုဆိုးကလေးကို ၀တ်ထားပြီး ခွက်ကလေးဆွဲပြီးတော့ ခုနစ်နှစ်အရွယ် ကလေးလေးက တောင်းစားတာ၊ ကလေးလေးပဲရှိသေးတယ်။ သူ သူတောင်းစားဘ၀ရောက်နေတယ်။
အဲဒီလို အ၀တ်ကလဲစုတ်ပြတ်ပြီး ခွက်ကလေးဆွဲပြီး တောင်းစားနေတဲ့ကလေးလေးကို ရှင်အာနန္ဒာ တွေ့တဲ့အခါကျတော့ သနားတယ်။ သနားလို့ အရှင်အာနန္ဒာက ခေါ်ပြီးတော့ အဲဒီကလေးကို '' မင်းသင်္ကန်းမ၀တ်ချင်ဘူးလား '' လို့ မေးတယ်။ ကလေးလေးက ဘာပြောတုန်းဆိုတော့ လူက စုတ်ပြတ်နေပေမယ့် တစ်ခါတစ်လေ အသိဥာဏ်ရှိတဲ့ ကလေးတွေရှိတယ်။ ''တပည့်တော်လို အခြေအနေမဲ့ကို ဘယ်သူက သင်္ကန်းဝတ်ပေးချင်မှာလဲဘုရား။ ၀တ်ချင်လဲ တပည့်တော်ကို ဘယ်သူမှ ၀တ်ပေးမှာမဟုတ်ဘူး '' ဆိုပြီး ပြန်လျှောက်တယ်။ '' အဲဒါဆို မင်းငါနဲ့လိုက်ခဲ့၊ ၀တ်ချင်တယ်ဆို ငါဝတ်ပေးမယ်'' လို့နော်၊ ရှင်အာနန္ဒာက ကျောင်းခေါ်သွားတယ်။ ကျောင်းခေါ်သွားပြီးတော့ သင်္ကန်းဝတ်ပေးလိုက်တယ်။
အဲဒီ သင်္ကန်းဝတ်ပေးတဲ့အခါမှာ သံယောဇဉ်ဆိုတာကောင်းမှ သံယောဇဉ်တွယ်တာမဟုတ်ဘူးနော်။ အဲဒီကလေးက ခုနစ်နှစ်အရွယ်ပဲရှိသေးတယ်။ သင်္ကန်းကျတော့ ရှင်အာနန္ဒာကပေးတာဖြစ်တော့ သင်္ကန်းဝတ်လိုက်တဲ့အခါမှာ သူ့အ၀တ်စုတ်ရယ်၊ ခွက်စုတ်ကလေးရယ်ကို မပစ်နိုင်ဘူး။ မပစ်နိုင်တော့ သစ်ပင်ခွကြားလေးတစ်ခုမှာ သွားတင်ထားတယ်။
အဲဒီလိုသွားတင်ထားပြီးတော့ ရှင်အာနန္ဒာဆီ သင်္ကန်းဝတ်၊ တရားဓမ္မတွေသင်လို့ အသားအရေတွေ စိုပြေလာတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ စားစရာ သောက်စရာကလဲ ဆွမ်းခံပြီး စားရတာဆိုတော့ ခါတိုင်းလို မဝေရေစာ စားရတာမဟုတ်ဘူး၊ အကောင်းစားလာရတဲ့အခါဆိုတော့ အသားအရေလေး စိုပြေလာတယ်။ လူက အသားအရေလေး စိုပြေပြီး စိတ်ကျန်းမာလာတဲ့အခါကျတော့ အကောင်းဘက်ကို သိပ်မစဉ်းစားဘူး။ လူဆိုတာ ကောင်းတဲ့ဘက်ကို သိပ်မစဉ်းစားချင်ဘူး။ သူ့စိတ်ထဲမှာ ဒီဘုန်းကြီးဝတ်နဲ့နေရတာ သင်္ကန်းဝတ်နဲ့ နေရတာမလွတ်လပ်ဘူးလို့ထင်တယ်။ ဒီတော့ သူလူထွက်ချင်စိတ် ပေါက်လာတယ်။ ဘယ်လောက်ကောင်းတဲ့နေရာပို့ပို့ ဒီဘ၀မှာ သူ ဆက်မနေချင်ဘူး။
မနေချင်တော့ သူ့ကိုယ်သူ ဆုံးမတဲ့ အနေနဲ့ သူဘယ်သွားတုန်းဆို ''ကဲ ငါဒီသင်္ကန်းမ၀တ်ချင်ဘူးဆိုရင် ငါဝတ်ရမှာက ဒီ အစုတ်အပြဲနဲ့ခွက်နဲ့ပဲ၊ ငါပိုင်တဲ့ပစ္စည်းက ဒါပဲရှိတယ်'' ဆိုပြီး အဲဒီခွက်ကလေးနဲ့ အ၀တ်စုတ်ကလေး သိမ်းထားတဲ့နေရာကို သူသွားလိုက်တယ်။ သူ့အ၀တ်စုတ်ကလေးကလဲ ဟိုနေရာက ပေါက်၊ ဒီနေရာကပေါက်၊ ကိုင်ပြီးတော့ဆွဲလိုက်မယ်ဆိုရင် အကုန်လုံးရိနေတာ၊ ဘယ်နေရာမှ သုံးလို့မရတဲ့အ၀တ်နော်၊ ဒါလေးက မလုံ့တလုံလေး၊ သူဝတ်နေတာ၊ အကုန်လုံးရိနေတဲ့အ၀တ်၊ ခိုင်မာတဲ့နေရာ တစ်နေရာမှ မရှိဘူး။
အဲဒီ အ၀တ်စုတ်ကလေးရယ်၊ ခွက်စုတ်ကလေးရယ်ကိုကြည့်ပြီးတော့ သူဘာတွေးတုန်းဆို ခုနက မပျော်တဲ့စိတ်ကို သူကဆုံးမတယ်။ ''မင်းက ဒီလိုချမ်းချမ်းသာသာနေရတဲ့ဘ၀ကို မနေပဲနဲ့ ဒီအ၀တ်စုတ်ဝတ်ပြီးတော့ ခွက်စုတ်နဲ့လဲ တောင်းချင်သေးတာလား။ ကိုယ်ရထားတဲ့ ဘ၀လေးတစ်ခု မင်းတန်ဖိုးရှိအောင် မလုပ်နိုင်ပါလား။ သံသရာဝဋ်ကထွက်ဖို့ မင်းမကြိုးစားပဲနဲ့ လူထွက်ဖို့ ကြိုးစားနေတယ်။ မင်းသင့်တော်ပါ့မလား '' လို့ အဲဒီအ၀တ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ပြီးတော့ သူ့ကိုယ်သူဆုံးမတာ။ ဆုံးမတဲ့အခါကျတော့ စိတ်ကလေး ပြန်လည်သွားတယ်။ ဒါနဲ့ ကျောင်းပြန်သွား၊ ဒါက တစ်ခါဖြစ်မဟုတ်ဘူး။ အကြိမ်ကြိမ်ဖြစ်တာ။
အဲဒီလိုဖြစ်တိုင်းဖြစ်တိုင်း သူအဲဒီကိုသွားတာ၊ ကြာတော့'' ဒီကိုရင် ဘယ်သွားတာလဲ'' လို့ ဆိုပြီးတော့ ကိုယ်တော်တွေက သူ့ကိုမေးတယ်။ ''မင်း ဘယ်သွားတာတုန်း၊ အဲဒီဘက်ကို သွားသွားပြီးတော့ ''လို့ မေးကြတယ်။ ''အဲဒီ သစ်ပင်နားလေးကို သွားသွားပြီးတော့နေတာ ဘာသွားလုပ်တာလဲ'' ဆို မေးတော့ သူကပြောတယ်။ ''ဆရာ့ဆီသွားတာပါ။ အဆုံးအမ သွားခံတာ။ ဆရာ့ဆီသွားတာ'' တဲ့။
ဆရာဆိုတာ အ၀တ်စုတ်နဲ့ ခွက်ကို သူပြောတာ။ မင်းလူ့ဘ၀ရောက်ရင် ဒါပဲ ပြန်သုံးရမယ် ဆိုပြီးတော့ အဲတာကို သူက ဆရာ ဆိုပြီးတော့ ရဟန်းတွေကိုပြောတာ။ အဲဒီလို သွားလိုက် ပြန် လိုက် နေရင်းကနေ နောက်သူ့စိတ်တွေ တည်ငြိမ်မှုရလာတယ်။ ရှင်အာနန္ဒာမထေရ်မြတ် နည်းပေးတဲ့အတိုင်း တရားကျင့်လိုက်တော့ နောက်ဆုံးမှာ သူရဟန္တာဖြစ်သွားတယ်။
သာသနာတော်မှာ လုံးဝပျော်တဲ့အပျော်၊ ထာဝရပျော်တဲ့ အပျော်တစ်ခုကိုသူရသွားတယ်။ အဲဒီလိုပျော်တဲ့အခါ အဲဒီဘက်ကို သူ ဘယ်တော့မှ မသွားတော့ဘူး။ မသွားတော့ ကိုယ်တော်တွေက မေးတယ်။ ''မင်းဆရာ့ဆီ မသွားဘူးလား'' လို့ဆိုတော့ ''အရှင်ဘုရား၊ ဆရာနဲ့ အဆက်အသွယ်ရှိတုန်းက သွားတာပါ။ အခုတပည့်တော်မှာ အဆက်အသွယ်ပြတ်သွားပါပြီ'' လို့ ဆိုတဲ့အခါကျတော့မှ မြတ်စွာဘုရားကို ရဟန်းတွေက'' ဒီကိုယ်တော် တရားထူးရတဲ့ စကားမျိုး ပြောတယ်ပေါ့ ''ဆိုတော့ မြတ်စွာဘုရားက'' ဟုတ်တယ် ''တဲ့၊ ''သူက အရှက်တရားနဲ့ သူ့ကိုယ်သူဆုံးမပြီးတော့ အဲဒီ အ၀တ်စုတ်နဲ့ခွက်စုတ်ကိုကြည့်ပြီးတော့ သူ့ကိုယ်သူ တရားချပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လို့ အခု တရားထူး တရားမြတ် ရသွားပြီ''လို့ မိန့်ကြားတော်မူတယ်။
(အဂ္ဂမဟာ ပဏ္ဍိတအရှင်နန္ဒမာလာဘိဝံ ဟောကြေားတော်မူသော အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်မှ ကောက်နုတ်ထားပါသည်။)
လွမ်းဆုလေး
Admin : လွမ်းဆုလေး
Facebook : https://www.facebook.com/saunghnin.chitthu
Website :http://lwansulay.blogspot.com/
အရှက်တရားနဲ့ သူ့ကိုယ်သူဆုံးမခြင်း
Written By MyanmarChnnel@ on Wednesday, December 25, 2013 | 11:38 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment