ရှေးအခါက အလ္လကပ္ပတိုင်းပြည်ဟူ၍ ရှိခဲ့ဖူး၏။ ထိုအလ္လကပ္ပတိုင်းမှ ကောတူဟလိက- မည်သော သူဆင်းရဲသည် ငတ်မွတ်ခေါင်းပါးခြင်း
ဘေးဒဏ်ကြောင့် သားမယားနှင့်တကွ အ၀န္ဓီတိုင်းသို့ သွားကြလေသည်။ လမ်းခရီး၌
အစာပြတ်ပြီး သားငယ်ကိုချီပွေ့ရန် မစွမ်းနိုင်သည်ဖြစ်၍ ဖခင်ကစွန့်ပစ်၏။
မိခင်က မစွန့်ပစ်။ သားငယ်ကို ပြန်ယူ၍သွား၏။ သို့သော် ကလေးငယ်သည်
လမ်းခရီးတွင်ပင် အစာပြတ်၍ သေဆုံးရသည်။
လင်မယားနှစ်ယောက်သည်ခရီးဆက်ရာ နွားကျောင်းသားရွာတစ်ရွာသို့ ရောက်ကြသည်။ နွားကျောင်းသားသည် ထိုအချိန်၌ များစွာသော နို့ထမင်းတို့ကို စီရင်ထား၏။
လင်မယားနှစ်ယောက်သည် ထိုနွားကျောင်းသားအိမ်မှ နို့ထမင်းကိုရ၍ စားကြရာ ယောကျာ်းဖြစ်သူသည် အားရှိသောနို့ထမင်းကို အစာကျေစေရန် မစွမ်းနိုင်သည်ဖြစ်၍ အစားလွန်သောကြောင့် တပိုးနင့်၍ ညဥ့်၌ကွယ်လွန်ပြီး ထိုနွားကျောင်းသားအိမ်တွင် ခွေးမ၏၀မ်း၍ ပဋိသန္ဓေယူရသည်။
ထိုခွေးကလေးကို နွားကျောင်းသားသည် အလွန်ချစ်မြတ်နိုး၏၊ နွားကျောင်းသားသည် ပစ္စေက ဗုဒ္ဓါတစ်ပါးကို ပြုစုလုပ်ကျွေးနေ၏။ ပစ္စေကဗုဒ္ဓါသည် ဆွမ်းစားသောအခါ ခွေးအား ထန်းလျက် တစ်ခဲတစ်ခဲပေး၏။ ခွေးသည် ပစ္စေကဗုဒ္ဓါ၌ ချစ်ခြင်းဖြစ်၍ နွားကျောင်းသားနှင့်တကွ ပစ္စေက ဗုဒ္ဓသီတင်းသုံးရာ သစ်ရွက်တဲကျောင်းသို့ အမြဲလိုက်၏။ နောင်တွင် နွားကျောင်းသားက ပစ္စေကဗုဒ္ဓဆွမ်းစားချိန်၌ ထိုခွေးကိုပင် လွှတ်၍ အချိန်ကိုအကြောင်းကြားစေရာ ခွေးက သစ်ရွက်ကျောင်း သို့သွားပြီး သစ်ရွက်ကျောင်းတံခါး၌ သွားရောက်ဟောင်လေသည်။
လမ်းခရီးအကြား၌ ကြမ်းတမ်းသော သားကောင်တို့ကိုမြင်လျှင် ဟောင်၍ပြေးစေပြီး ပစ္စေကဗုဒ္ဓအတွက် လမ်းရှင်းပေး၏။
ထိုခွေးသည် ပစ္စေကဗုဒ္ဓါအပေါ်၌ အလွန်ကြည်ညိုကာ နူးညံ့သောစိတ်ဖြင့် ကွယ်လွန်သော် နတ်ပြည် ၌ ဃောသကနတ်သားဟူ၍ အမည်ထင်ရှားလေသည်။
ဃောသကနတ်သားသည် ယခု ဂေါတမဘုရားပွင့်တော်မူချိန်၌ နတ်ပြည်မှစုတေ၍ ကောသမ္ဘီပြည်တွင် တစ်ဦးသောအမျိုး၌ ဖြစ်လေသည်။ လွန်ခဲ့သောနှစ်ဘ၀မြောက်က သားငယ်ကိုစွန့်ပစ်ခဲ့သောကံကြောင့် ဤဘ၀တွင် လမ်းအမှိုက်ပုံ၌ စွန့်ပစ်ခံရပြီး သူဌေးတစ်ဦး၏ မေွးစားခြင်းခံရလေသည်။
ထိုသူဌေးတွင် သားတစ်ယောက်မွေးဖွားလာသော် သူဌေးက ဃောသကလောင်းလျာ ထိုသူငယ်ကို ပရိယာယ်ဖြင့် သတ်စေရာ (၇)ကြိမ် လုပ်ကြံခံသော်လည်း မသတ်မသေခဲ့ပေ။
ဃောသကသည် နောက်ဆုံးတွင် ပစ္စေကဗုဒ္ဓါကို ဝေယျာဝစ္စပြုခဲ့၍ ဘုန်းကံရှိ သူဖြစ်သော ကြောင့် တောသူဌေးသမီး၏ ဥာဏ်ရည်ဥာဏ်စွမ်း အကူအညီဖြင့် အသက်ရှင်ခွင့် ရပြီးနောက် မွေးစားဖခင်သူဌေးကြီး ကွယ်လွန်သောအခါ သူဌေးကြီးရာထူးကို ရရှိခဲ့လေသည်။
ထိုဃောသကသူဌေးသည် နောင်တွင် ဗုဒ္ဓကိုဖူးတွေ့ခွင့်ရပြီး ဗုဒ္ဓနှင့်တကွ ဗုဒ္ဓ၏တရား, ဗုဒ္ဓတပည့်သား သံဃာတို့ကို ယုံကြည်ကိုးကွယ်သူတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏နေထိုင်ရာ ကောသမ္ဘီပြည်၌ ဗုဒ္ဓအားရည်မှန်း၍ ဃောသိတာရုံကျောင်းကို ဆောက်လှူဒါန်းခဲ့သဖြင့် ဗုဒ္ဓသာသနာသမိုင်းဝယ် ဃောသကသူဌေးကြီး၏မှတ်တမ်းနှင့် ဃောသိတာရုံကျောင်းတော်အမည်သည် အလွန်ထင်ရှား ကျော်ကြားခဲ့လေသည်။
ဤဇာလိယသုတ်လာ ဃောသကသူဌေးအကြောင်းကိုလေ့လာကြည့်လျှင် အိန္ဒိယပြည်တွင် ဘုရားမပွင့်သော သုညကမ္ဘာတို့၌ ပစ္စေကဗုဒ္ဓါတို့ ပွင့်ထွန်းခဲ့ကြောင်းကို လေ့လာသိရှိနိုင်ပြီး ငတ်မွတ်ဘေးဆိုက်ရောက်၍ ဆင်းရဲခြင်းဘ၀ကို တွေ့ကြုံခဲ့ရသော လူသားလင်မယားဘ၀၊ လူသားဘ၀မှသေ၍ တိရစ္ဆာန်ခွေးဘ၀ရောက်ရှိပုံဟူသော ဘ၀ကမ္မသတ္တိ၏ အကျိုးပေးဆန်းကြယ်ပုံတို့ကို တွေ့မြင်နိုင်ပေသည်။
မောဟနှင့်သေ တိရစ္ဆာန်ပြည်ဟုဆိုထားငြားသော်လည်း အဟိတ်တိရစ္ဆာန်ဘ၀ ရောက်သွားသော ခွေးကလေး၏ အသိဥာဏ်ရှိမှု၊ ကုသိုလ်ပြုမှု၏ ကမ္မသတ္တိသည်လည်း အတုယူစရာ မှတ်သားဖွယ်ရာဖြစ်ကြောင်း တွေ့မြင်နိုင်ပေသည်။
ခွေးဘ၀က ပစ္စေကဗုဒ္ဓါကို အလုပ်အကျွေးပြုခဲ့သဖြင့် သေသောအခါ နတ်ပြည်ရောက်ရသည်။ နတ်ပြည်မှတဖန် လူ့ဘ၀သို့ရောက်၍ မိမိအငတ်ဘေးဆိုက်ရောက်စဉ်က ပြုလုပ်ခဲ့သော သားကိုစွန့်ပစ်ခဲ့သော မကောင်းမှု အကုသိုလ်ကံက လိုက်လံနှောင့်ယှက်သဖြင့် အကြိမ်ကြိမ်စွန့်ပစ်ခံခဲ့ရသည်။ သေကြောင်း ကြံစည်ခံခဲ့ရသည်။ ဤအဖြစ်ကို လေ့လာသုံးသပ်ပါက အကုသိုလ်ဝဋ်ကြွေး၏ ကြောက်စရာကောင်းပုံကိုလည်း လေ့လာအကဲခက်နိုင်ပါသည်။
တစ်ဖန် တိရစ္ဆာန်ခွေးဘ၀က သာမန်ဝေယျာဝစ္စပြုခဲ့မိသော ကုသိုလ်ကံက နောင်ဘ၀၌ နတ်ပြည်တွင် ဃောသကနတ်သားဖြစ်ရပြီး ယခုလူ့ဘ၀ရောက်သော် ထိုကုသိုလ်၏ ကမ္မသတ္တိကြောင့် အလွန်တရာ ကြွယ်ဝချမ်းသာသော အမွေခံသူဌေးသားဖြစ်ကာ ဃောသကသူဌေးကြီးဟု ဖြစ်လာရပြန်သည်။ ဤသည်မှာ ညောင်စေ့လောက်ပင် လှူဒါန်းခဲ့သော်လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရနိုင်သည်ဟူသောသဘောကို လက်တွေ့အကဲခက် လေ့လာခွင့်ရနိုင်ပါသည်။
တစ်ဖန် အလှူလှူရာ၌ အလှူခံတစ်ကျိပ်လေး ခွေးကအစ လှူကောင်းသည်ဟု ဆိုသော်လည်း ၀ိစေယျဒါနရွေးချယ်၍ သီလ,သမာဓိ,ပညာ-မြင့်မြတ်သော ပုဂ္ဂိုလ်တို့အား ပေးလှူခြင်းသည် ပို၍ အကျိုးကျေးဇူးများစွာ ခံစားရပုံကိုလည်း ဤဃောသကသူဌေးဘ၀ဖြစ်စဉ်ကို လေ့လာကြည့်က သိသာစွာမြင်နိုင်ပါသည်။
ဃောသကသူဌေးကြီး၏ဘ၀ကို ဓမ္မပဒ-၌ အကျယ်လေ့လာနိုင်ပါသည်။ သူ၏ဘ၀ကို လေ့လာလျှင် မိမိပြုခဲ့သောအကုသိုလ်ကံများ,ကုသိုလ်ကံများကို မိမိပြန်လည်ပေးဆပ်ရခြင်း၊ ရရှိခံစားရခြင်းဟူသော ကမ္မသတ္တိသဘောကို တွေ့ရပါမည်။ ဃောသကသူဌေးသည် သားငယ်ကိုစွန့်ပစ်ခဲ့သောအကုသိုလ်ကံကြောင့် အကြိမ်ကြိမ် စွန့်ပစ်ခံရသောဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ပစ္စေကဗုဒ္ဓါကို ဝေယျာဝစ္စပြုမှု ကြည်ညိုမှုကုသိုလ် ကမ္မသတ္တိကြောင့် ဤဘ၀တွင် လုပ်ကြံမှုအမျိုးမျိုးဘေးမှ လွတ်မြောက်ခဲ့ရပြီး ထင်ရှားကျော်ကြားသော သူဌေးကြီးဖြစ်ရသည်ကို တွေ့မြင်ရပေမည်။
ဗုဒ္ဓဟောကြားသော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အမိ,အဖ-ဟူသော သဘောကို ဤဇာလိယသုတ်တော်လာ ဃောသကသူဌေးကြီး၏ ဘ၀ဖြစ်စဉ်ကို လေ့လာအကဲခက်ကြည့်ပါက မှန်ကန်နေကြောင်း လေ့လာမှတ်သားမိပါသည်….။
ကျမ်းကိုးစာရင်း
(ဒီ၊ဋ္ဌ၊၁။၂၈၇။)
(သီ၊ဋီ၊သစ်၊၃။)
(ဆရာကြီးဦးကိုကိုမြိုင်၏ သုတ်သီလက္ခန်ခေတ်လေ့လာနည်းသင်ခန်းစာ
သု၊လေ့၊၃။၇၅/၇၆/၇၇/၇၈/၇၉/။)
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

0 comments:
Post a Comment