တစ်ခါတုန်းက စကားပြောရင် အရမ်းကိုအလျင်စလိုပြောတတ်တဲ့ ဆရာကြီးတစ်ယောက်နဲ့ ဆရာစကား ဆိုရင် မြေ၀ယ်မကျအောင် တသွေမတိမ်းလိုက်နာတတ်တဲ့ တပည့်လေး တစ်ယောက် ရှိတယ်။ တစ်နေ့မှာတော့ ဆရာကြီးက တပည့်ကို ခုလိုမှာတယ်။
ဆရာကြီး။ ။ တပည့်လေး။
တပည့်။ ။ ဟုတ်ကဲ့ ။
ဆရာ ကြီး။ ။ အေး၊ ဆရာ ဒီနေ့ ဟိုဘက်ရွာကို သွားစရာရှိ တယ်၊ အိမ်ရှေ့မြက် ခင်းပြင်မှာ အ၀တ်တွေ လှန်းထား တယ်။ သေချာကြည့် ထား... ခွေးတွေ ချေး( ချီး ) လာမပါစေနဲ့။
တပည့် ။ ။ ဟုတ်ကဲ့ ဆရာကြီး။
ဆရာကြီး ။ ။ ကဲ ဒါဆို ဆရာ သွားပြီ။ သေချာစောင့်ကြည့်ထား။ ခွေးချေးတွေကို
တွေ့ရင် မင်းစားရမယ်။ ကြားလား ။
တပည့်။ ။ ဟုတ်ကဲ့ ။
ဆရာကြီးက မှာပြီးတော့ တစ်ဘက်ရွာကို သွားတယ်။ တပည့်ကလဲ ဒီလောက်အဖြစ် သည်းလှတဲ့ ဆရာကြီး တွေ့ကြသေးတာပေါ့လို့ ဆိုပြီးတော့ ကောက်ညှင်းငချိတ် ကို ပျော့ နေအောင်ချက်လိုက်တယ်။ ပြီးတာနဲ့ ထန်းလျှက်နဲ့ သေချာပြန်နယ်လိုက်တယ်။ နယ်ပြီးတာနဲ့ အတုံးလေးတွေ လုပ်ပြီး နေလှန်း လိုက်တယ်။ ကောက် ညှင်းတွေ ခြောက်သွားတဲ့အခါ ဆရာကြီးရဲ့ အ၀တ်တွေပေါ်မှာ ဟိုတစ်ပုံ ဒီတစ်ပုံ ပုံထားပေး လိုက်တယ်။ ပြီးတာ နဲ့ တပည့်ကအိမ်သန့်ရှင်းရေးကို ဆက်လုပ်နေတယ်။ အဲချိန်မှာပဲ ဆရာကြီးပြန်ရောက် လာတယ်။ ဆရာကြီးက အ၀တ်တွေကို လှမ်းကြည့်တာနဲ့ အ၀တ်တွေပေါ်က မဲမဲအတုံးလေးတွေ ကိုတွေ့တော့ စိတ်ဆိုးသွားပြီး တပည့်ကိုအော်ခေါ်တယ်။
ဆရာကြီး။ ။ ဟေ့ကောင်လေး လာခဲ့စမ်း။
တပည့်။ ။ ပြောပါ ဆရာကြီး ။
ဆရာကြီး။ ။ မင်းကို ဘာမှာခဲ့သလဲ.. ခု ကြည့်စမ်း အ၀တ်တွေပေါ်မှာ ခွေးချေးတွေ..
သွားစားစမ်းခု.. မကုန်မချင်းစားခဲ့ .. သွား။
တပည့်။ ။ ဟုတ်.. ကျွန်တော် ကုန်အောင် စားပါ့မယ် ဆရာကြီး။
တပည့်က ပြောပြောဆိုဆို သူပုံထားခဲ့တဲ့ ကောက်ညှင်းပုံမဲမဲလေးတွေကို ၀မ်းသာအားရ စားနေတယ်။ အားပါး တရ မြိန်ရေယှက်ရေ စားနေတော့ ဆရာကြီးက စိတ်ဝင်စားသွားတယ်။
ဒါကြောင့်
ဆရာကြီး။ ။ ခွေးချေးက ချိုလား ။
တပည့်။ ။ ချိုတာပေါ့၊ မြည်းကြည့်မလား ဆရာကြီး။
ဆရာကြီး။ ။ အေး ။
တပည့်က ပြောပြောဆိုဆို ဆရာကြီးကို ကောက်ညှင်းတစ်ပုံပေးတယ်။ ဆရာကြီးက ရွံသလိုလုပ်ရင်းနဲ့ တစ်တုံး စားကြည့်တယ်။ ချိုနေတာတွေ့တော့ အားလုံးကို စားပစ်လိုက်တယ်။
ဆရာကြီး။ ။ တပည့်၊ နက်ဖြန် ဆွမ်းတော်တင်မယ်။ ခု ခွေးချေးတွေ ကောက်ထား။ အရမ်းကောင်းတာပဲ။ ချိုနေတာပဲ။
တပည့်။ ။ ဟုတ်ကဲ့ ဆရာကြီး။
တပည့်က ဒီတစ်ခါတော့ အမှန်တကယ် ခွေးချေး အစစ်ကို ကောက်ထားလိုက်တယ်။ မိုးလင်းတော့ ဆရာကြီး ကိုပေးလိုက်တယ်။ ဆရာကြီးက အရင်မြည်းစမ်းတယ်။ မနေ့က ချိုနေတာကိုး..
ဆရာကြီး။ ။ တပည့်၊ ဒီနေ့ခွေးချေးက မချိုသလို နံနေပါလားဟ။
တပည့်။ ။နံမှာပေါ့၊ ခုက ခွေးချေးအစစ်လေ။
ဆရာကြီး။ ။ ဟေ.. မနေ့က အတုလား။
တပည့်။ ။ ဟုတ်ပါတယ်။ မနေ့က အတုမို့ ချိုတာလေ။
တပည့်ဖြစ်သူ စကားကြောင့် ဆရာကြိးခမျာ ပါးစပ်ထဲက ခွေးချေးတွေကို ထွေးချပြီး ချက်ချင်း ပလုတ်ကျင်း ရရှာတယ်။ စိတ်ဆိုးရအောင်လဲ ကိုယ့်စကားနဲ့ ကိုယ်ဆိုတော့ မတတ်နိုင်ဘူးလေ။
ဒီလိုနဲ့ တစ်နေ့မှာ ရွာနဲ့ နဲနဲ အလှမ်းကွာတဲ့ ရွာငယ်လေးက ဆရာကြီးကို ညနေစာ ထမင်းစားရင်းနဲ့ ကိစ္စလေးတစ်ခုကို ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ ဆရာကကြီးက မဖြစ်မနေ သွားရမှာမို့ တပည့်ကို ခုလို ထပ်ပြီးမှာထားပြန်တယ်။
ဆရာကြီး။ ။ ဟေ့ကောင်လေး လာအုံး။
တပည့်။ ။ရောက်ပါပြီ ဆရာ။
ဆရာကြီး ။ ။ ငါ ညနေကျရင် ဟိုဘက်ရွာသွားရမယ်။ ကိစ္စတစ်ခုပါ ဆွေးနွေးရမှာ ဆိုတော့ ဒီညပြန်မလာနိုင်ဘူး။ ဒါကြောင့် ညကျရင် ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့ .. ကြားလား။
တပည့်။ ။ ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် ဘယ်သူလာလာ ဖွင့်မပေးပါဘူး။
ဆရာကြီး။ ။ အေး အေး ၊ ဒါဆို ဆရာကြီး သွားပြီ။
တပည့်။ ။ ဟုတ်ကဲ့ ၊ စိတ်ချပါ ဆရာကြီး။
ဆရာကြီး။ ။ စိတ်ချပါတယ်။
မှာစရာရှိတာ မှာပြီးတာနဲ့ ဆရာကြီးက ခရီးထွက်သွားတယ်။ ဟိုဘက်ရွာရောက်တော့ လူအားလုံး စုံနေတာကြောင့် ကိစ္စတွေကို ဆွေးနွေးပြီး ထမင်းစားကြတယ်။ အစော ကြီးဆွေးနွေးပြီးတာကြောင့် ရွာပြန်ဖို့ တွေးလိုက်တယ်။ ဒါကြောင့် အားလုံးကို နှုတ်ဆက်ပြီး ရွာပြန်ခဲ့တယ်။ အိမ်ကို ပြန်ရောက်တော့ ညဆယ်နာရီ ကျော်နေပြီ။ ဆရာကြီးက တံခါးကို ညင်သာစွာ ခေါက်လိုက်တယ်။ အဲချိန်မှာ အထဲက ပြန်ထူးသံ ကြားရတယ်။
တပည့်။ ။ ဘယ်သူလဲ ။
ဆရာကြီး။ ။ ဆရာကြီးပါ။ တံခါးဖွင့်ပေးပါအုံး။
တပည့်။ ။ ဘယ်က ဆရာကြီးလဲ။ နက်ဖြန်မှ ပြန်လာပါခင်ဗျာ။
ဆရာကြီး။ ။ ဟေ့ကောင်၊ ငါ ဆရာကြီးပဲကွ၊ တံခါးလာဖွင့်စမ်း။
တပည့်။ ။ ဖွင့်လို့မရပါဘူးခင်ဗျာ၊ ကျွန်တော့်ဆရာကြီးက ဘယ်သူလာလာ ဖွင့်မပေးဖို့ မှာသွားပါတယ်။
ဆရာကြီး။ ။ အေး အဲဒါ ငါမှာခဲ့တာပဲ၊ လာဖွင့်ပေးစမ်း။
တပည့်။ ။ စိတ်မရှိပါနဲ့ဗျာ.. ကျွန်တော့်ဆရာက ဒီည ဘယ်သူလာလာ ဖွင့်မပေးဖို့ မှာသွားတဲ့အတွက် ဘယ်နည်းနဲ့မှ ဖွင့်မပေးနိုင်ပါဘူးခင်ဗျာ။
ဆရာကြီး။ ။ တောက်... ငါ့စကားနဲ့ ငါမို့ပေါ့ကွာ။
ဆရာကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ရှေ့ လှေကားခုံမှာ ထိုင်ချလိုက်တယ်။ အဲချိန်မှာ ကြောင်တစ်ကောင်က ဆရာကြီးနားက ဖြတ်ပြေးတယ်။ ဆရာကြီးလဲ စိတ်ဆိုးနေ တုန်းဆိုတော့ ကြောင်ကို အနားက ပျဉ်ပြားနဲ့ ပစ်ပေါက်လိုက်တယ်။ တစ်ခါထဲမှန်သွားပြီး ကြောင်လေး သေသွားတယ်။ ဆရာကြီးက တံခါးဖွင့်မပေးတဲ့ အတူ ကြောင်ကို အရေခွံခွာပြီး မီးဖိုအ၀င်နားက စင်အိုးလေးထဲမှာ အချဉ်သိပ်ထားလိုက်တယ်။ တစ်ညလုံး ဒီလိုငုတ်တုတ် ထိုင်စောင့်ရင်း မိုးလင်းမှ တပည့်က တံခါးဖွင့်ပေးတယ်။ ဆရာကြီးလဲ စိတ်ဆိုးဆိုးနဲ့ အထဲကို ၀င်ပြီး သွားအိပ်လိုက်တယ်။
အဲလိုနဲ့ တစ်ပတ်ခန့်ကြာတော့ တပည့်က မီးဖိုနားက ကြောင်သားချဉ်ကိုတွေ့တယ်။ ဒါကြောင့် အချဉ်မလွန်ခင် စားပစ်လိုက်တယ်။ အားလုံးကုန်သွားတော့ အိုးထဲကို ယင်ကောင်တွေ ဖမ်းထည့်ထားတယ်။ ဆယ် ရက်လောက် ကြာတော့ ဆရာကြီးက ပြောတယ်။
ဆရာကြီး။ ။ ကောင်လေး.. မီးဖိုအ၀င်နားက စင်အိုးမှာ ကြောင်သားချဉ်ရှိတယ်။ အဲတာ သွားယူခဲ့... ချက်စားရအောင်။
တပည့်။ ။ ဟုတ်ကဲ့ ။
ခဏအကြာမှာ စင်အိုးနဲ့အတူ ပြန်ရောက်လာတဲ့ တပည့်ကိုကြည့်ပြီး ဆရာကြီးက မေးတယ်။
ဆရာကြီး။ ။ ဘာဖြစ်တာလဲ ကောင်လေး။
တပည့်။ ။ ဆရာကြီးပြောတော့ ကြောင်သားချဉ်ဆို၊ ဒီမှာ ယင်ကောင်တွေ ပဲတွေ့တယ်။
ဆရာကြီး။ ။ ကြောင်သားပါ၊ ကိုယ်တိုင် လုပ်ထားတာကို။
တပည့် ။ ။ တကယ်မရှိဘူးဗျ။
ဆရာကြီးက တပည့်စကားကြောင့် အိုးကိုဖွင့်ကြည့်တယ်။ ၀ီ ခနဲ အသံနဲ့အတူ ယင်ကောင်တွေ တစ်အုပ်ကြီး ပျံထွက်လာတယ်။ ဒါကိုမြင်တော့ ဆရာကြီးက စိတ်တိုသွားပြီး ကောင်လေးကို တင်းပုတ်အကြီးကြီး တစ်ခုပေးတယ်။ ပြီးတော့
ဆရာကြီး။ ။ ဒီတင်းပုတ်နဲ့ ယင်ကောင်တွေ့တဲ့နေရာမှာ သေအောင်သာရိုက်ပစ်။
တပည့်။ ။ ဟုတ်ကဲ့ပါ ဆရာကြီး။
အဲနေ့ကစပြီး တပည့်ဖြစ်သူက တင်းပုတ်ကြီးနဲ့ ယင်ကောင်တွေကို တွေ့တဲ့နေရာ လိုက်ထုတယ်။ အုန်းခနဲ၊ ဒိုင်းခနဲ၊ ဂွမ်းခနဲ နဲ့ တစ်အိမ်လုံး ဆူညံနေတယ်။ တစ်ရက်...
အဲရက်မှာ ဆရာတပည့်နှစ်ယောက် ထမင်းအတူစားကြတယ်။ အဲချိန်မှာပဲ ယင်ကောင် တစ်ကောင်က ဟင်းပန်ကန်နားမှာ နားနေတယ်။ ဒါကို တပည့်ကမြင်တော့ ကိုင်ထားတဲ့ တင်းပုတ်နဲ့ ထုချပစ်လိုက်တယ်။
" ချွမ်း "
ဆရာကြီး။ ။ ဘာလုပ်တာလဲ ။
တပည့်။ ။ ယင်ကောင်ပါ ဆရာကြီး။
ဆရာကြီး။ ။ အေးရိုက်ကွာ... မလွတ်စေနဲ့။
တပည့်။ ။ ဟုတ်ကဲ့။
အဲလိုရိုက်ရင်းနဲ့ ယင်ကောင်က ထူးဆန်းစွာ ဆရာရဲ့နဖူးပေါ်မှာ သွားနားတယ်။ ဒီတော့ တပည့်ကလဲ ထွေထွေ ထူးထူး မစဉ်းစားပဲ ဆရာနဖူးကို တင်းပုတ်နဲ့ ထုချပစ်လိုက်တယ်။
တပည့်။ ။ ကဲဟာ.. ကဲဟာ.. သေစမ်း။
ဆရာကြီး။ ။ဟာ... ဟေ့ကောင် ဘာလုပ်တာလဲကွ။
တပည့်။ ။ ဆရာကြီးနဖူးမှာ ယင်ကောင်နားနေလို့ ။
ဆရာကြီး ။ ။ ဟေ .. ဟုတ်လား။ ဒါဆို ထုကွာ.. သေအောင်ထု၊ မိအောင်ထုနော်... ငါ့ကို အားမနာနဲ့.. ယင်ကောင်ကို သေအာင်သတ်။
တပည့်။ ။ ဟုတ်ကဲ့ပါ ဆရာကြီး။
ဆရာကြီးစကားအဆုံး တပည့်က တင်းပုတ်နဲ့ ထုချလိုက်တာ ဆရာကြီးခမျာ နေရာမှာပဲ အသက် ထွက်သွားလေ တယ်။
လွမ်းဆုလေး
ကဲ သူငယ်ချင်းတို့ ဒီစာသာလေးတွေနောက်မှာ ဗဟုသုတ အများကြီးရမယ်လို့ ယုံကြည်ပါတယ်။ အရာရာကို တွေးတော ဆင်ခြင်ကြပြီး ဆုံးဖြတ်နိုင်ကြပါစေ။
ပြုံးသွားနော်.. ရယ်မောခြင်းသည် အသက်ကိုရှည်စေ၏တဲ့။
0 comments:
Post a Comment