သင်္ကန်း(စီဝရ)ဟူသော အမည်သည် သင်းပိုင်၊ ဧကသီ၊
ဒုကုဋ်ဟူသော တိစီဝရိတ်သင်္ကန်းသုံးထည်ကိုသာ ခေါ်သည်မဟုတ်ပါ။ ရဟန်း အသုံးအဆောင်
အဝတ်အထည်မှန်သမျှ သင်္ကန်းအမည်သာဖြစ်ပါသည်။
အဓိဋ္ဌာန်
(စွဲမြဲစွာဆောက်တည်ခြင်း)ဟူ ဆိုအပ်သော ဝိနည်းမှု(သို့မဟုတ်)ဝိကပ္ပနာ
(မိမိဥစ္စာအဖြစ်မှကင်းအောင်ပြုခြင်း)ဟုဆိုအပ် သောဝိနည်းမှု တစ်ခုခုပြုလုပ်၍
သုံးစွဲဝတ်ရုံရသော သင်္ကန်းသည် အရွယ်ပမာဏအားဖြင့်(၉)ထည် ရှိပါသည်-
- ၁။ အိပ်ယာခင်း
- ၂။ မျက်နှာသုတ်ပုဝါ
- ၃။ သင်္ကန်းမချုပ်ရသေးသော ပိတ်ဖျင် စသောအထည်စများ
- ၄။ နေရာထိုင်(နိသိဒိုင်း)
- ၅။ အနာ(အမာ)လွှမ်းသင်္ကန်း
- ၆။ မိုးရေခံသင်္ကန်း
- ၇။ ဧကသီ(ကိုယ်ရုံ)
- ၈။ သင်းပိုင်(ခါးဝတ်သင်္ကန်း)
- ၉။ ဒုကုဋ်(နှစ်ထပ်သင်္ကန်းကြီး)
ဤသင်္ကန်း(၉)ထည်အနက်-
၁။ အိပ်ရာခင်းကို နိသိဒိုင်က ငယ်နေသည့်အတွက် အိပ်ရာနေရာကို လုံခြုံအောင် မခင်းလောက်သောကြောင့် ခွင့်ပြုတော်မူသည်၊
၂။ မျက်နှာသုတ်ပုဝါကို ဝိသာခါကျောင်းအမကြီးလှူဒါန်းသည်ကို အကြောင်းပြု၍ ခွင့်ပြုတော်မူသည်။
၃။ မချုပ်ရသေးသော ပိတ်စ စသည်ကို ရေစစ်၊ သပိတ်အိတ် စသည်လိုအပ်သောကြောင့် ခွင့်ပြုသည်။
ဤသင်္ကန်းသုံးထည်တို့၌ အကြီးဆုံးပမာဏသည် မည်မျှရှိရမည်ဟု သတ်မှတ်ချက် မပါရှိချေ၊ အသေးဆုံးကား -
အလျား တစ်တောင့်ထွာ
အနံ တစ်ထွာ ခြောက်လက်သစ်
သို့မှသာ အဓိဋ္ဌာန် ဝိကပ္ပနာပြုလောက်ပါသည်။
၎။ နိသိဒိုင်(နေရာထိုင်)ကိုမူ ရဟန်းအများအတွက် အကြောင်းပြု၍ ခွင့်ပြုတော်မူပါသည်။
ထိုခွင့်ပြုရသော
အကြောင်းမှာ ရဟန်းတို့သည် မွန်မြတ်သောဘောဇဉ်၊ အဟာရတို့ကို
သုံးဆောင်ကြပြီးနောက် သတိသမ္ပဇဉ်ကင်း လျက် အိပ်ပျော်သည့်အခါ အိမ်မက်မက်၍
သုတ်လွှတ်သဖြင့်ကိုယ်ခန္ဓာသင်္ကန်း၊ ကျောင်းအိပ်ရာ နေရာတို့ကို သုတ်
အညစ်အကြေးများဖြင့် လူးပေလိမ်းကြံမိကြသည်။
ဤအပြစ်ကို ဘုရားရှင်တော် မြင်တော်မူ၍-
- ကိုယ့်ကိုယ်ကိုစောင့်ရှောက်စေခြင်း
- သင်္ကန်းကိုစောင့်ရှောက်စေခြင်း
- အိပ်ရာနေရာကို စောင့်ရှောက်စေခြင်း
အကျိုးငှာ နိသိဒိုင်(နေရာထိုင်)ကို ခွင့်ပြုတော်မူခြင်းဖြစ်သည်။
နိသိဒိုင်၏အကြီးဆုံး အရွယ်ပမာဏမှာ ဘုရားရှင်၏လက်သန်းအထွာတော်ဖြင့်-
အလျား လေးတောင့်ထွာ
အနံ သုံးတောင် လက်ကိုးသစ်
အမြိတ်အဆာမှာ နှစ်တောင်နှင့် ခြောက်လက်သစ် ရှိရမည်ဟု သတ်မှတ်ချက်ရှိပါသည်။
၅။ အမာ(အနာ)လွှမ်းသင်္ကန်းကို အရှင်ဗေလဋ္ဌသိသအားဝဲကြီးအနာစွဲသည်ကို အကြောင်းပြု၍ ခွင့်ပြုတော်မူသည်။
ခါးနှင့်ဒူးဆစ်အကြား၌
ယားနာ၊ ဝဲနာ၊ သွေးစုနာ စသောအရည်ထွက်အနာများပေါက်လျှင် သင်းပိုင်ကို
ပေကျံမည် စိုးသောကြောင့် ထိုအ နာများကိုဖုံးလွှမ်းကာကွယ်ဖို့ရန်
သုံးဆောင်ခွင့်ပြုသောသင်္ကန်းမျိုးဖြစ်သည်။
ယင်းအမာ လွှမ်းသင်္ကန်း၏ အကြီးဆုံးအရွယ်ပမာဏမှာ -
အလျား ကိုးတောင်
အနံ လေးတောင်တစ်ထွာ
အငယ်ဆုံးမှာ -
အလျား တစ်တောင့်ထွာ
အနံ တစ်ထွာ ခြောက်လက်သစ်
၆။
မိုးရေခံသင်္ကန်းကို ရေသနုပ်သင်္ကန်းမပါဘဲ မိုးရေခံချိုးကြသော ရဟန်းတို့ကို
အကြောင်းပြု၍ ကျောင်းအမကြီးဝိသာခါ၏ တောင်းပန်
လျှောက်ထားမှုကြောင့်ခွင့်ပြုတော်မူသည်။
ယင်းသင်္ကန်းကို မိုးရွာသည့်အခါ ဝတ်၍(ရေသနုပ်ကဲ့သို့)မိုးရေကိုခံခြင်း၊ချိုးခြင်းဖြင့်အသုံးပြုရသည်။
မိုးရေခံသင်္ကန်း၏ အကြီးဆုံးအရွယ်ပမာဏမှာ -
အလျား တစ်ဆယ့်သုံးတောင် တစ်ထွာ
အနံ ငါးတောင်တစ်ထွာသုံးလက်သစ်
ယင်းအတိုင်းအထွာထက် ငယ်လိုပါက သင့်လျော်သည့် အတိုင်းအတာနှင့် ပြုလုပ်နိုင်သည်။ (သာသနာရေးဦးစီးဌာန၊ ရဟန်းကျင့်ဖွယ် ၂၂၇ သွယ်၊ ၄၇၈)
0 comments:
Post a Comment