တစ်လမ်းဝင် တစ်လမ်းထွက်
တစ်အိမ်ဝင် တစ်အိမ်ကူး
ဝမ်းစာအတွက် ရှာဖွေစားခဲ့
ရိုးသားစွာ ရှင်သန်သူ ငါ့အား
ဝိုင်းဝန်းပုတ်ခတ်
တံထွေးခွက်မှာ ပက်လက်လဲအောင်
တွန်းနစ်ခဲ့ကြတယ်။
ဘ၀အခြေနေမလှခဲ့လို့
အားငယ်စွာ ငေးမှိုင်ရင်း
ဟော ... နေမင်းကြီးတောင်
တောင်စွယ်မှာ နှုတ်ဆက်နေပြီ..
တစ်နေ့တာ တာဝန်ပြီးဆုံးခဲ့တဲ့အကြောင်း
ငါ့ကို ပြောပြနေသလိုပါပဲ။
အဖော်မပါ ငှက်ကလေးတွေ
ကောင်းကင်မှာ တစီစီနဲ့
အိပ်တန်းဝင်ဖို့ နေရာရှာရင်း
တကျွိကျွိနဲ့ ပျံသန်းနေကြပြီ
ငါသာ.....
ဘယ်ဆီကိုမြန်း ကြွရမှန်းမသိ။
တစ်ရွတ်ရွတ် ငိုကြွေးနေတဲ့ ငါ့ကို
ညတို့ရဲ့ ဘုရင် လမင်းကြီးက
ငွေချည်မျှင်တန်းနဲ့ ထွေးပွေ့လို့
ညပိုးကောင်ငယ်တွေတောင် အသံတိတ်
ငါ့အတွက် ၀မ်းနည်းနေပြီလား ?
ဖျတ်ခနဲ ပြုတ်ကျလာတဲ့ မျက်ရည်စတို့
သုတ်ပစ်နိုင်ဖို့ ငါ မအား
တအင်းအင်း ညည်းညူနေတဲ့ အသံတစ်ခု
ငါ့နားမှာ ကြားနေဆဲ
သြော် .... ခွေးကလေးရယ်
မင်းလဲ လမ်းပျောက်နေတာလား?
အိမ်ပြန်ချိန်ရှိခဲ့ပေမယ့်
ပြန်စရာအိမ်မရှိခဲ့တဲ့
ငါတို့နှစ်ယောက်အတွက်
ကြေကွဲခြင်းတွေတောင်
အလွမ်းတွေ မပေးရက်တော့ဘူး။
အတိတ်ဘ၀ရဲ့ မကောင်းမှုများ
ငါတို့အလှည့်မှ များခဲ့သလားကွယ်..
လမ်းပြကြယ်ဖြစ်တဲ့ ဓူဝံကြယ်တောင်
ငါတို့ လှမ်းအကြည့်မှာ
တိမ်တွေကြား ပြေးပုန်းနေခဲ့ .... ။
လွမ်းဆုလေး
ကြိုးစားပါအုံးမည်။
0 comments:
Post a Comment