ဘဂ္ဂတိုင်း သုသုမာရဂိရမြို့အနီး ဘေသကဠာမည်သော တောအုပ်၌ ဗုဒ္ဓမြတ်စွာ သီတင်းသုံးနေတော်မူစဉ် နကုလပိတာမည်သော သူကြွယ်သည် အသည်းအသန် နာမကျန်းဖြစ်နေသည်။ ထိုအခါ သူကြွယ်ကတော် နကုလမာတာက ထိုသူကြွယ်အား အောက်ပါစကားတို့ကို ပြောဆိုလေသည်။
(၁) "သူကြွယ်၊ သင်သည် ငဲ့ကွက်ခြင်းရှိလျက် မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိလျက် သေခြင်းသည် ဆင်းရဲလှပါသည်။ မြတ်စွာဘုရားကလည်း ထိုသို့သေခြင်းကို ကဲ့ရဲ့တော်မူပါသည်။ 'ငါသေရင် ငါ့ဇနီး နကုလမာတာသည် သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်နိုင်
(၂) "သူကြွယ်၊ သင်သည် 'ငါသေရင် ငါ့ဇနီး နကုလမာတာသည် တစ်ပါးသော ယောက်ကျားအိမ်သို့ လိုက်သွားလိမ့်မည်' ဟူ၍ မပူပန်ပါလင့်၊ သင်နဲ့ ကျွန်မတို့သည် လွန်ခဲ့သော တစ်ဆယ့်ခြောက်နှစ်မှ စ၍ လူတို့၏ ဗြဟ္မစရိယ အကျင့်မြတ်ကို ကျင့်သုံးနေခဲ့ကြသူများ ဖြစ်ပါသည်"။
(၃) "သူကြွယ်၊ သင်သည် 'ငါသေရင် ငါ့ဇနီး နကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့ကို ဖူးမြင်ခြင်း ပြုတော့မည် မဟုတ်' ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သင်သေသွားပါက မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့ကို ပို၍ပင် ဖူးမြင်လိုပါလိမ့်မည်"။
(၄) "သူကြွယ်၊ သင်သည် 'ငါသေရင် ငါ့ဇနီး နကုလမာတာသည် သီလ ဖြည့်ကျင့်တော့မည် မဟုတ်' ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သီလ ဖြည့်ကျင့်မှု ပြုလေ့ရှိသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင် ဖြစ်ကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် သိတော်မူပါသည်"။
(၅) "သူကြွယ်၊ သင်သည် 'ငါသေရင် ငါ့ဇနီး နကုလမာတာသည် အတွင်းဓာတ်၌ စိတ်ငြိမ်းချမ်းမှုကို မရသေး' ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် အတွင်းဓာတ်၌ စိတ်ငြိမ်းချမ်းမှု ရရှိနေသည့် ဥပါသိကာမတို့တွင် တစ်ဦး အပါအဝင် ဖြစ်ပါသည်။ ယုံမှားသံသယရှိလျှင် ဤအကြောင်းကို မြတ်စွာဘုရားအား မေးလျှောက်ကြည့်နိုင်ပါသည်"
(၆) "သူကြွယ်၊ သင်သည် 'ငါ့ဇနီး နကုလမာတာသည် မြတ်စွာဘုရား သာသနာတော်၌ ထောက်တည် အားထားရာ မရရှာသေး' ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် မြတ်စွာဘုရား သာသနာတော်၌ ထောက်တည်အားထားရာ ရပြီးသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ဤအကြောင်းကိုလည်း မြတ်စွာဘုရားအား မေးလျှောက်ကြည့်နိုင်ပါသည်"
ဤသို့ နကုလမာတာ၏ ဆုံးမ အားပေးစကားများကို ကြားရသောအခါ နကုလပိတာ သူကြွယ်၏ ရောဂါသည် ချက်ချင်း ပျောက်ကင်းသွားလေ၏။ ထိုအခါ နကုလပိတာသည် တောင်ဝှေးဖြင့် ထောက်ကာထောက်ကာ ဗုဒ္ဓမြတ်စွာထံ ချဉ်းကပ်သွားလေ၏။ ဗုဒ္ဓကလည်း "သူကြွယ် သင်သည် နကုလမာတာလို ချစ်ခင်ကြင်နာစွာ အားပေး ဆုံးမစကား ပြောကြားတတ်တဲ့ ဇနီးသည်ကို ရရှိခဲ့ခြင်းမှာ အရတော်လှပေ၏" ဟု ချီးကျူးစကား မိန့်ကြားတော်မူလေသည်။
(အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ နကုလပိတုသုတ်)
မြကန်သာ ဆရာတော် (ကန့်ဘလူ)
0 comments:
Post a Comment