ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ ပွဲစားများ ခေါင်းပုံဖြတ်မှုကို ထိရောက်စွာ အရေးယူပေးရန် မြန်မာနှင့် ထိုင်းအစိုးရတို့ထံ တောင်းဆို
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်း-မြန်မာ ပွဲစားများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများကို ရင်ဆိုင်ကြုံတွေ့ နေရသောကြောင့် ယင်းတို့အား ထိရောက်စွာ အရေးယူပေးရန်အတွက် မြန်မာနှင့် ထိုင်းအစိုးရတို့ထံသို့ တောင်းဆို ကြေညာချက်ကို ထိုင်းနိုင်ငံ မဟာချိုင် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းဖြစ်သော ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှ နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တောင်းဆိုချက်တွင် ''အလုပ်သမားနှင့် အလုပ်ရှင်များ၏ အကျိုးအတွက် ဤလုပ်ငန်းစဉ်များကို နယ်စပ်စခန်းများသို့ သွားရောက်စေခြင်း မပြုဘဲ ထိုင်းနိုင်ငံ အတွင်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများတွင်သာ ပြုလုပ်ပေးရန်၊ လေးနှစ်ဗီဇာ ပြည့်ပြီးသော အလုပ်သမားများအတွက် လုပ်ဆောင်ရမည့် အဆင့်များနှင့် ကုန်ကျစရိတ်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် တိကျစွာ ထုတ်ပေးရန်၊ လုပ်ဆောင်ရမည့် အဆင့်တိုင်းတွင် ကြာမြင့်ချိန်ကို တိကျစွာ သတ်မှတ်ပေးရန်နှင့် ထိုသတ်မှတ်ထားသည့် ကြာမြင့်ချိန်အတိုင်း လုပ်ဆောင်ပေးရန်၊ ကြားခံပွဲစားများ၏ ၀န်ဆောင်မှု နှုန်းထားများကို တရားမျှတသည့် နှုန်းထားဖြင့် အစိုးရများက သတ်မှတ်ချက် ထုတ်ပြန်ရန်နှင့် မလိုက်နာလျှင် ထိရောက်စွာ အရေးယူရန်၊ ဗီဇာရက်ကျော် (Over Stay) ဖြစ်နေသော အလုပ်သမားများကို သတ်မှတ်ထားသော ဒဏ်ကြေး (တစ်ရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် ၂၀၀၀၀ ဘတ်ထက် မပိုသော) မှ ကင်းလွတ်ခွင့်ပြုရန် စသည့်အချက်များကို တောင်းဆိုခဲ့သည်။
မြန်မာနှင့် ထိုင်းအစိုးရတို့သည် စက်တင်ဘာ ၅ ရက်နှင့် အောက်တိုဘာ ၁၂ ရက် တို့တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း ယနေ့အထိမည်သို့ ဆက်လက် ဆောင်ရွက်မည်ကို အများပြည်သူများအား အသိပေးခြင်းများ လုပ်ဆောင်ခြင်း မတွေ့ရကြောင်း၊ လေးနှစ်ဗီဇာ ကုန်ဆုံးသွားသော မြန်မာအလုပ်သမားများအား ဗီဇာဆက်ပေးမည်ဟု ဆိုကာ ပွဲစားများက လိမ်လည်လှည့်ဖြား၍ တစ်ဦးလျှင် ဘတ် ၃၅၀၀ မှ ဘတ် ၅၀၀၀ ထိ ယူဆောင်သွားခြင်းများကို စမွတ် စာခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဗန်ကောက် မြို့တို့တွင် ဖြစ်ပွားနေ၍ နှစ်နိုင်ငံ အစိုးရမှ တိကျသောမူဝါဒ ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။
(ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇောလင်း))(လွမ်းဆောင်း)

0 comments:
Post a Comment