ညအခါ
လသာသာ
ကစားမလား
နားမလား
ညဆိုတာ မှောင်မိုက်ခြင်းရဲ့ ပြရုပ်၊ အ၀ိဇ္ဇာရဲ့ သဘော၊ မသိခြင်းနဲ့မောဟရဲ့ အမိုက်တိုက်ကြီးဖြစ်ပါတယ်။
ကမ္ဘာလောကကို အ၀ိဇ္ဇာအမှောင် အစဉ်ဖုံးနေလေ့ရှိပါတယ်။
အဲဒီလို အစဉ်သဖြင့် မှောင်နေတဲ့ ကမ္ဘာကြီးမှာ ဟိုခဏ၊ ဒီခဏ ဆိုသလို သာသနာ လသာချိန်လေးတွေနဲ့ အလွန်ရှားပါးစွာ ကြုံကြရတတ်ပါတယ်။ သာသနာ - ဗုဒ္ဓဘုရားရှင် ပွင့်တော်မူချိန်မှစ၍ သူ၏ တရားတော်များ မကွယ်ပမှီ အချိန် အထိ။
ကမ္ဘာ -
(၁) သာရ ကမ္ဘာဘုရားတစ်ဆူသာ ပွင့်သောကမ္ဘာ၊
(၂) မဏ္ဍ ကမ္ဘာ- ဘုရားနှစ်ဆူပွင့်သောကမ္ဘာ၊
(၃) ဝရ ကမ္ဘာဘုရားသုံးဆူပွင့်သော ကမ္ဘာ၊
(၄) သာရ မဏ္ဍ ကမ္ဘာ- ဘုရား လေးဆူပွင့်သောကမ္ဘာ၊
(၅) ဘဒ္ဒကမ္ဘာ- ဘုရားငါးဆူပွင့်သောကမ္ဘာ၊
(၆) သုည ကမ္ဘာ- ဘုရားမပွင့်သောကမ္ဘာ။
ယခု ကျွန်ုတို့ တည်နေသော ကမ္ဘာသည် ဘဒ္ဒကမ္ဘာ (၀ါ) ဘုရားငါးဆူ ပွင့်သောကမ္ဘာ ဖြစ်ပါသည်။
ဗုဒ္ဓဘုရား -
ပညာဓိကဘုရား - ၄ အသင်္ချေနှင့် တစ်သိန်း အရေအတွက်ရှိသော ကမ္ဘာများစွာ ကာလကြာအောင် ပါရမီဖြည့်ကျင့်ရသည်။
သဒ္ဒါဓိကဘုရား - ၈ အသင်္ချေနှင့် တစ်သိန်း အရေအတွက်ရှိသော ကမ္ဘာများစွာ ကာလကြာအောင် ပါရမီဖြည့်ကျင့်ရသည်။
ဝိရိယဓိကဘုရား - ၁၆ အသင်္ချေနှင့် တစ်သိန်း အရေအတွက်ရှိသော ကမ္ဘာများစွာ ကာလကြာအောင် ပါရမီဖြည့်ကျင့်ရသည်။
ကမ္ဘာတစ်ကမ္ဘာ၏သက်တမ်း - အသင်္ချေယျကပ် ၄ ကပ်
အသင်္ချေယျကပ် ၁ ကပ် - အန္တရကပ် ၆၄ ကပ်
အန္တရကပ် ၁ ကပ် - ဆုတ်ကပ် ၁ ကပ် နှင် တတ်ကပ် ၁ ကပ် (၀ါ) ဆုတ်ကပ်တတ်ကပ် တစ်စုံ
ဆုတ်ကပ် - လူ၏ သက်တမ်း အသင်္ချေယျတမ်း မှသည် ၁၀ နှစ်တမ်းသို့ တဖြည်းဖြည်း နိမ့်လျောကျ လာသည် အထိကြာချိန်
တက်ကပ် - လူ၏ သက်တမ်း ၁၀ နှစ်တမ်း မှသည် အသင်္ချေယျ တမ်း သို့ တဖြည်းဖြည်း မြင့် တက် လာသည် အထိကြာချိန်
ကမ္ဘာပျက်ပုံ
- သက်တမ်းရင့်လာ၍ မီး၊ ရေ၊ လေ အကြောင်း တစ်မျိုးမျိုးကြောင့် ကမ္ဘာစ၍ပျက် သည်မှ ပျက်စီးမှု ပြီးဆုံးသည် အထိ ကြာချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
- ကမ္ဘာပျက်ပြီး ပျက်သည့် အတိုင်း တည်နေချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
- ကမ္ဘာပြုမိုးကြီး ရွာပြီးသည်မှစ၍ လူသတ္တ၀ါတို့ နေထိုင်နိုင်ဖို့ အဆင်သင့်ဖြစ်ရန် ကြာချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
- ကမ္ဘာအသင့် ဖြစ်ပြီးချိန်မှ စ၍ နောက်တစ်ကြိမ် ပြန်မပျက်ခင်အထိ (၀ါ) သတ္တ၀ါများ ရှင်သန်နေထိုင်ချိန် - အသင်္ချေယျကပ် ၁ ကပ် (၀ါ) အန္တရကပ် ၆၄ ကပ်
လူ့အဖြစ်ရခဲပုံ - လူ့ပြည်မှ ထောင်ထားသော အပ်တစ်စင်း နှင့် ဗြဟ္မာ့ပြည်မှ ပစ်ချသော အပ်တစ်စင်း ထိပ်ချင်းထိ နိုင်မည် လူ့အဖြစ်ရရန် ထိုမျှလောက် မလွယ်။
လူ့အဖြစ်ရပြီးငြားသော်လည်း သေလွန်ပြီးပါက လူပြန်ဖြစ်ရန်ခက်ခဲပုံ
အခါတစ်ပါး၌ မြတ်စွားဘုရားသခင် ကိုတော်မြတ်ကြီးသည် လက်သဲခွံ ပေါ်သို့ သဲတို့ကိုတင်လျှက်.. 'ချစ်သားရဟန်းတို့ ယခုငါ၏ လက်သဲခွံ ပေါ်ရှိသဲပွင့် အရေအတွက်နှင့် မဟာပထ၀ီ ကမ္ဘာမြေထု၌ ရှိသောသဲပွင့် အရေအတွက် မည်သည့် အရေ အတွက်က ပိုများသနည်း' ဟု မေးတော်မူ၏။ထိုအခါ ရဟန်းတို့က မြတ်စွားဘုရားအား မဟာပထ၀ီထု၌ ရှိသော သဲပွင့်အရေအတွက်က ပိုများကြောင်း လျှောက်တင်သောအခါ မြတ်စွာဘုရားက…
ထိုနည်းအားလျော်စွာသုဂတိဘ၀မှ သေလွန်ပြီးသုဂတိဘ၀သို့ ပြန်ရောက်သော သတ္တ၀ါ အရေအတွက်သည် လက်သဲခွံ ပေါ်ရှိသဲပွင့် အရေအတွက်နှင့် တူ၏၊သုဂတိဘ၀မှ သေလွန်ပြီး အပါယ်လေးဘုံသို့ သွားရသော သတ္တ၀ါတို့၏ အရေအတွက်သည် မဟာပထ၀ီထု၌ ရှိသော သဲပွင့် အရေတွက်နှင့် တူကုန်၏။ အလွန်ထိတ်လန့်ဖွယ် သံဝေဂရ ဖွယ်ဖြစ်ပါသည်။
ထို့ကြောင့်…
၁။ လူ့အဖြစ်ရခဲလှခြင်း
၂။ လူ့အဖြစ်ရသော်လည်း အနာဂါတ်ဘ၀၌ လူပြန်ဖြစ်ရန် လွန်စွာခက်ခဲခြင်း
၃။ လူ့အဖြစ်ရစဉ် ဤသို့သော အသိဥာဏ်ကိုပေးနိုင်သည့် သာသနာထွန်း ချိန်နှင့် ကြုံခဲလှခြင်း
၎။ လူ့အဖြစ်ကိုရ၍ သာသနာနှင့်ကြုံသော်လည်း မိစ္ဆာဒိဌိ အယူဝါဒရှိသော မိဘများမှပေါက်ဖွား လာပြီး၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ အကြောင်းကို ရှင်းလင်းပြောပြမည့် ကလျာဏ မိတ်ဆွေကောင်းနှင့် ကြုံရခဲခြင်း
၅။ လူ့အဖြစ်ကိုရ၊ ကလျာဏ မိတ်ဆွေကောင်းနှင့် ကြုံငြားသော်လည်း၊ ပါရမီမခိုင်၊ သံဝေဂဥာဏ် မပိုင်၍ ဆုတ်နစ်သော အားထုတ်မှုသာရှိခြင်း သို့မဟုတ် နားလည်သဘောပေါက်မှု ပါရမီပြည့်ဝ၍ သံဝေဂဥာဏ် ရင့်သန်သော်လည်း ကျင့်ကြံအားထုတ် နိုင်လောက်အောင် ကျန်းမာရေး မပြည့်စုံခြင်း အစရှိသော အလွဲများစွာရှိနိုင်ပါသည်။
အထက်ပါ အကြောင်းအချက်များကို အသေအချာ စဉ်စားဆင်ချင်၍ သံဝေဂ ဥာဏ်ပိုင်ပိုင် ရနိုင်ကြပြီး မိမိယခု ရရှိနေသော မဟာအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ သံဝေဂဥာဏ်များများ၊ ကျင့်ကြံပွါးများ ချင်စိတ် တဖွားဖွား ပေါ်ပေါက်၍ မလျော့သောဇွဲဖြင့် အမြိုက်ပန်းတိုင်ကို ဒီဘ၀၌ပင် ရောက်အောင် ကြိုးစား အားထုတ်နိုင်ကြရန် ဆန္ဒမွန်ဖြင့် တိုက်တွန်းအပ်ပါသည်။အားတက်စရာ သတင်းမှာ ဘုရားတစ်ဆူ ပွင့်လျှင် ကျွတ်ထိုက်သော ဝေနယျသတ္တ၀ါ များမှာ (၂၄) အသင်္ချေ ကုဋေ (၆၀) ဗိုလ်ခြေ တစ်သိန်းဖြစ်သော်လည်း ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် အလွန်တိုတောင်းသော သက်တမ်း ၁၀၀ ကာလတွင်ပွင့်တော်မူ လာသောကြောင့် (၁၆) အသင်္ချေ ကုဋေ (၆၀) နှင့် ဗိုလ်ခြေ တစ်သိန်းသာ သံသရာ ၀ဲဂယက်မှ ကျွတ်လွတ်၍ (၈) အသင်္ချေ ကျွတ်လွတ်ရန် ကျန်ရှိနေပါသေးသည်။ ထို့အတွက် မဟာဂရုနာရှင် ကိုယ်တော်မြတ်ကြီးက သူကိုယ်တိုင် သက်ရှိထင်ရှား မရှိတော့သော်လည်း သူ၏တရားတော် နှင့် သံဃာတော်များ အားသတ္တ၀ါများကို ဆက်လက်ကယ်တင်စေ ခဲ့ခြင်း ဖြစ်ပါသည်။ယခုကဲ့သို့ အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ရရန် မည်မျှကြာအောင် ထပ်စောင့်ရဦးမလဲ ဆိုသော မေးခွန်း၏ အဖြေမှာ လုံးဝမသေချာပါ။
ထို့ကြောင့်…
၁။ သုတမယ ဥာဏ်ကိုရအောင်လေ့လာ အားထုတ်ပါ (ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ…….. စသည်တို့ကို စာသိသိ အောင်အရင် လုပ်ပါ)
၂။ ၀ိပဿနာ တစိုက်မတ်မတ် ရှု့ပါ။ (၀ိပဿနာ စာအုပ်ကောင်း၊ ဆရာကောင်း ရှာမှီးပြီးတော့ နေ့စဉ် ပုံမှန်အချိန်ပေးပြီး အားထုတ်ပါ)
စာကြွင်း-
ယခု လသာသော ညအခါနှင့် ကြုံကြရပါပြီ။
ကာမဂုဏ် အာရုံများနှင့် ပျော်ပါးပြီး ကစားနေကြဦး မှာလား (၀ါ) ရှည်လျားလှသော ကပ်ကမ္ဘာများကြား ၌ အပါယ်လေးဘုံတွင် အဖန်ဖန် ကျင်လည်ပြီး အရိုးတောင်လို ပုံကြရမည့် အဖြစ်ဆိုးမျိုး အဖြစ်ခံမလား။
သံသရာဒုက္ခ အပေါင်းမှ ကင်းဝေးပြီး အပါယ်ဘေးမှ လွှတ်ငြိမ်းချမ်းသာ ရလေအောင် သမထ၊ ၀ိပဿနာ ဘာဝနာ တရားအားထုတ်ပြီး နားကြရဖို့ လုပ်ကြမလား ………
မေတ္တာများစွာဖြင့်…
ဝန်ခံချက်။ အစဉ်အလာမပျက် ရအောင် မင်္ဂလာနံက်ဟု နှုတ်ဆက်ခဲ့ ကြရသော တွံတေးအော်တို အိတ်ချိန်း၌ လွတ်လပ်စွာ ဥာဏ်ကွန့်ခဲ့မြူးသော ညများစွာနှင့် ကိုမိုးသူရ ဆရာတင်မိုး၏ ညအခါလသာသာ ကဗျာအပေါ်ခံစားမှု ကိုကျောရိုးပြုပါသည်။ဆရာတော် ရှင်ဇနကာဘိဝံသ၏ ဒုလ္လဘကထာ နှင့် ဆရာမွန် များစွာတို့၏ စာမွန်များ၊ ထိုမြင်မြင်၊ ကြားကြား၊ ဖတ်ဖတ်၊ ကြုံကြုံ၊ သိသိ အဖြစ်ပျက်များကို မှီငြမ်းပါသည်။
-thevalueofzero
-by Koenig Leonn

(ငရဲပြည်အကြောင်းသိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment