အခါတစ်ပါး၌ ကောသလမင်းကြီးသည် ဆန်တစ်စိတ်ချက်ထမင်းကိုစားပြီး ဗုဒ္ဓထံချဉ်းကပ်၍ ဗုဒ္ဓအနီး၌ မအီမသာဖြစ်ကာ ထိုရင်းငိုက်မျည်းနေလေ၏။ ထိုအခါ ဗုဒ္ဓသည် ကောသလမင်း၏အဖြစ်ကိုမြင်၍ အောက်ပါဂါထာဖြင့် မိန့်မြွက်တော်မူလေ၏။
"အခါခပ်သိမ်း သတိရှိလျှက် မိမိရအပ်သော စားသောက်ဖွယ်၌ အတိုင်းအရှည်ကိုသိသူအား ရောဂါဝေဒနာများ နည်းပါး၏။ စားသုံးအပ်သော အစာသည်လည်း အသက်ကို စောင့်သည်ဖြစ်၍ နူးညံ့စွာ ကြေကျက်၏"။
ထိုအခါ ကောသလမင်းကြီးသည် မိမိနောက်၌တည်သော သုဒဿနလုလင်အား ထိုဂါထာကို သင်ယူမှတ်သား၍ မိမိထမင်းစားတိုင်း ရွတ်ဆိုရန် မှာကြား၏။ နေ့စဉ် အသပြာတစ်ရာ ပေးမည်ဟုလည်း ဝန်ခံ၏။ သုဒဿနလုလင်သည် မင်းကြီးမှာကြားသည့်အတိုင်း မင်းကြီးထမင်းစားသည့်အခါ အနားမှနေ၍ ထိုဂါထာကို ရွတ်ဆိုလေ၏။ မင်းကြီးသည် ထမင်းကို အစဉ်သဖြင့် လျှော့၍လျှော့၍စားရာ နောက်ဆုံးတွင် တစ်စလယ်ချက်မျှ (နို့ဆီဗူးနှစ်ဗူးမျှ)၌ တည်လေ၏။
ထိုအခါ ကောသလမင်းကြီးသည် ကောင်းစွာပေါ့ပါးသော ကိုယ်ရှိသည်ဖြစ်၍ ငိုက်မျည်းခြင်းမှကင်းလွတ်ကာ မိမိကိုယ်ကို အဖန်ဖန်သုံးသပ်လျှက် "မြတ်စွာဘုရားသည် ငါ့အား မျက်မှောက်အကျိုး၊ တမလွန်အကျိုး နှစ်ပါးစုံဖြင့် စောင့်ရှောက်တော်မူပါပေသည်"ဟူ၍ ကျူးရင့် မြွက်ဆိုလေသည်။
(သံယုတ္တနိကယ်၊ သဂါထာဝဂ်၊ ဒေါဏပါကသုတ်)
မြကန်သာ ဆရာတော် (ကန့်ဘလူ)
0 comments:
Post a Comment