ဘယ်လောက်ပင် စားရ စားရ၊
တစ်ဝမ်း ၀ရုံပဲ။
ဘယ်လောက်ပင် ၀တ်ရ ၀တ်ရ၊
အရေပြား ဖုံးရုံပဲ။
ဘယ်လောက်ပင် အိပ်ရ အိပ်ရ၊
တစ်ကိုယ်စာလေးပဲ။
ဘယ်လောက်ပင် ပစ္စည်းဥစ္စာရှိရှိ၊
သေရင် ထားပစ်ခဲ့ရတာချည်းပဲ။
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊
ကျန်ခဲ့လျှင် သူများဖို့။
နိဗ္ဗာန်ကို အတိအကျ မြန်မာပြန်လျှင် တဏှာ(လောဘ) ကင်းခြင်းဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့် လိုချင်မူနည်းသွားလေ ချမ်းသာများလာလေဟု သိအပ်၏။ ရဟန်းသံဃာများကို ဗုဒ္ဓသည် ရဟန္တာ မြန်မြန်ဖြစ်စေချင်၏။ ထို့ကြောင့် စားရေး၊ ၀တ်ရေး၊ နေရေးနှင့် ပတ်သက်၍ ဗုဒ္ဓက ယခုလို ဆုံးမခဲ့၏။
ရှေးတုန်းက ရှေးကံရှိ၍ ပို့ဆွမ်း၊ ပင့်ဆွမ်းရှိလျှင်လည်း ဘုဉ်းပေးပါ။
မရှိလျှင် ဆွမ်းခံ၍ စားပါ။
လှူသူရှိလျှင် သင်္ကန်း အကောင်းစားများကို ၀တ်ပါ။
မရှိလျှင် ပံသုကူသင်္ကန်း ရှာ၍၀တ်ရုံပါ။
လှူသူရှိလျှင် ကျောင်းကောင်းကောင်းနှင့် နေပါ။
မရှိလျှင် သစ်ပင်အောက်တွင် နေပါ။
လှူသရှိလျှင် ဆေးဝါးကောင်းကို ဘုဉ်းပေးပါ။
မရှိလျှင် နွားကျင်ငယ်ရေကို သောက်ပါ။
ထိုအဆုံးအမအတိုင်း လိုက်နာသူများသည် ပစ္စက္ခ၊
သံသရာနှစ်ဖြာလုံး ချမ်းသာ၍၊
မလိုက်နာသူများသည် ပစ္စက္ခ၊ သံသရာနှစ်ဖြာလုံး
ဆင်းရဲရပေသည်။
ဆင်းရဲသွားသော ရန်ကုန်မြို့သစ်မှ အမျိုးသမီးကြီးတစ်ဦး အကြောင်းတင်ပြအံ့။ မြို့သစ်တွင် မြေကွက်ရသဖြင့်
ခြံခတ်သောအခါ ထိုအမျိုးသမီးကြီးသည် တစ်ဖက်ခြံမှ
မြေတစ်ပေနီးပါးကို ခိုးယူမိလိုက်သည်။
ထိုအချိန်က တစ်ဖက်ခြံမှမြေရှင်သည် ခြံလာမခတ်ရသေးပေ။
ထို့ကြောင့် အရင်ရောက်သူက မြေတစ်ပေပိုပြီး
ခြံခတ်ယူလိုက်ခြင်း ဖြစ်သည်။ နောက်ရောက်သော ခြံရှင်သည် တရားသမားဖြစ်သောကြောင့် ဘာမှမပြောပေ။
♦ တဖက်ခြံရှင်က အပြစ်မပေးသော်လည်း သူပြုသော
"အဒိန္နာဒါနအကုသိုလ်" ကား အပြစ်ပေးသည်သာဖြစ်၏။
ထို့ကြောင့် ထိုအမျိုးသမီးကြီး သေသောအခါ
ထို့မြို့သစ်၊ ထိုရပ်ကွက်ထဲမှာပင် ပြိတ္တာမကြီးသွားဖြစ်သည်။
သူသည် ပြိတ္တာစဖြစ်သောနေ့မှစ၍ တခြားအရပ်မှမြေများကို တောင်းကြီးတစ်လုံးဖြင့် ခေါင်းပေါ်ရွက်သယ်ပြီး သူမြေတစ်ပေ
ခိုးခဲ့မိသော ခြံဝိုင်းထဲသို့ လောင်းချပေးနေရခြင်းပင်ဖြစ်၏။
ခိုးယူခဲ့သော မြေတစ်ပေအတွက် အရင်းရော၊
အတိုးပါ ပေးဆပ်နေရခြင်းဟု ဆိုရမည်ထင်သည်။
လူတစ်ယောက်သည် အကုသိုလ်ဒုစရိုက် တစ်မျိုးမျိုးလုပ်တိုင်း ဘေးလေးမျိုးဆိုက်၏။
♦ ပရာနုဝါဒဘေး၊
♦ ဒဏ္ဍဘေး၊
♦ အတ္တာနုဝါဒဘေး၊
♦ အပါယဘေးတို့ပင် ဖြစ်၏။
♦ ပရာနုဝါဒဘေးဟူသည် သူတစ်ပါးက စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။
♦ ဒဏ္ဍဘေးဟူသည် ထောင်တန်းကျပြီး အပြစ်ပေးခံရခြင်းမျိုးကို ဆိုလို၏။
♦ အတ္တာနုဝါဒဘေးဟူသည် မိမိကိုယ်မိမိ စွပ်စွဲကဲ့ရဲ့သောဘေး ဖြစ်၏။ ♦အပါယဘေးကား အပါယ်လေးပါးသို့ ကျရောက်သောဘေးပင် ဖြစ်၏။
ထိုလေးမျိုးတွင် ရှေ့နှစ်မျိုးသည် သူတစ်ပါး မရိပ်မိအောင် ပိပိရိရိ လုပ်ခြင်းဖြင့်သော်လည်းကောင်း၊ လာဘ်ထိုးခြင်းဖြင့်သော်လည်းကောင်း လွတ်အောင်ရှောင်၍ ရနိုင်သေး၏။ နောက်နှစ်မျိုးကား မည်သို့သောနည်းဖြင့်မျှ ရှောင်လွှဲ၍ မရနိုင်ပေ။ သူတစ်ပါးကိုသာ လိမ်၍ရမည်။ မိမိကိုယ် မိမိကား ဘယ်သောအခါမှ လိမ်၍မရ။
ထို့ကြောင့် ဒုစရိုက်မူ တစ်ခုခုလုပ်ပြီးသည်နှင့်
မိမိကိုယ်မိမိ စွပ်စွဲသော " အတ္တာနုဝါဒ၏ဘေးကြီး"သည်
နေ့စဉ် နှိပ်စက်တော့၏။ မိမိကိုယ်မိမိ စွပ်စွဲခြင်းဟူသည်
မိမိကိုယ်မိမိ မကြည်ညိုခြင်းပင် ဖြစ်၏။ မိမိကိုယ်မိမိ
မကြည်ညိုသူများ၏ နောက်ဆုံးပန်းတိုင်ကား
အပါယ်လေးပါးပင် ဖြစ်၏။ ရန်ကုန်မြို့သစ်မှ
အမျိုးသမီးကြီးကို ပြိတ္တာဘ၀သို့ ပို့ပေးသည်မှာ ဤနောက်ဆုံး ဘေးနှစ်မျိုးကြောင့်ပင် ဖြစ်၏။
နှစ်အတော်ကြီး ကြာသောအခါတွင်မှ ကျောင်းဆရာမဖြစ်နေသော
သူ့သမီးကို အိပ်မက်ပေးပြီး အကူအညီတောင်းရှာသည်။ သူတောင်းသောအကူအညီများမှာ တိကျသေချာလှသည်။
(၁) ခိုးထားသော မြေတစ်ပေကို တစ်ဖက်ခြံသို့ ပြန်ပေးပါ။
(၂) ခိုးယူထားသော နှစ်အလိုက် အတိုးငွေပါ ထည့်ပေးပါ။
(၃) ထိုနှစ်ချက် ပြည့်စုံအောင်လုပ်ပြီးမှ ကုသိုလ်ပြုပြီး သူ့ကို အမျှဝေပေးပါ။
သို့မှသာ သူပြိတ္တာဘ၀မှလွတ်မည်ဟုဆိုသည်။
သမီးဖြစ်သူသည် သူပြောသည့်အတိုင်းလုပ်ပေးသဖြင့် ပြိတ္တာဘ၀မှ လွတ်သွားပါသည်။ လောဘသည် သမလောဘ၊ ၀ိသမလောဘဟု နှစ်မျိုးရှိ၏။ တရားသဖြင့် လိုချင်သောလောဘကို “သမလောဘ”ဟု ခေါ်ပြီး၊ မတရားသဖြင့် လိုချင်သောလောဘကို “၀ိသမလောဘ”ဟု ခေါ်သည်။
တရားသဖြင့် လိုချင်သောလောဘသည် အနာဂါမ်အရိယာမှာပင်
ရှိသေး၏။ (ဘ၀ရာဂါနုသယကို ဆိုလို)။ ထိုသမလောဘကား မိမိ၊ သူတစ်ပါးနှစ်ဦးလုံးကို ဒုက္ခမပေးပေ။ ၀ိသမလောဘသည်သာ
မိမိသူတစ်ပါး နှစ်ဦးသားလုံးကို ဒုက္ခပေးသည်။
လူသည် သဘာဝအားဖြင့် မြင့်မြတ်သောသူ ဖြစ်ပါလျက် ယုတ်နိမ့်သောအပါယ်ဘုံသို့ ကျရသည်မှာ
ထိုဝိသမလောဘကြောင့်ပင်ဖြစ်၏။
မိသားစုကိုလုပ်ကိုင်ကျွေးမွေးသူများသည် သမ္မာအာဇီဝကျကျ တရားသဖြင့်သာ ရှာဖွေကျွေးမွေးသင့်၏။ ၀ိသမလောဘ၏
ကျေးကျွန်ဖြစ်ပြီး မတရားသောနည်းများဖြင့် ရှာဖွေကျွေးမွေးမည်ဆိုလျှင် မိသားစုများသည် စားစရာကိုသာအတူ ၀ိုင်းစားပေးကြမည် ဖြစ်၏။
♦ အပါယ်သို့ကျဖို့ရှိလျှင်ကား မည်သူမျှ
လိုက်ပါပေးလိမ့်မည် မဟုတ်။ မိမိတစ်ယောက်တည်းသာ
သွားရမည်ဖြစ်သည်။
[အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)
" သင်လူတစ်ယောက်ဖြစ်ပြီလား မှ" -
Admin -lwan saung
website - http://lwansulay.blogspot.com/
(လွမ်းဆုလေး)
website http://lwansaung.blogspot.com/
0 comments:
Post a Comment