အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ----မျက်ရည်နှစ်မျိုး-----

----မျက်ရည်နှစ်မျိုး-----

Written By MyanmarChnnel@ on Thursday, December 12, 2013 | 7:40 PM

မိလိန္ဒမင်း - " တပည့်တော်မေးပါရစေဦး ဘုရား ... မိဘနှစ်ပါးတို့ကိုချစ်မြတ်နိုး၍ ငိုကြွေးအပ်သော မျက်ရည်နှင့် တရားတော်ကို မြတ်နိုး၍ ငိုကြွေးရသော မျက်ရည်နှစ်မျိုးအနက် အဘယ်မျက်ရည်က အဆိပ်နှင့်တူပါသနည်း ဘုရား"

အရှင်နာဂသေန - " ဒကာတော်မင်းမြတ် ... ရာဂ၊ ဒေါသ၊ မောဟ ဟူသော ကိလေသာ အညစ်အကြေးတို့ဖြင့် မကင်းသောမျက်ရည်ကား ပူလောင်သောမျက်ရည်ဖြစ်တယ်၊ ထိုအညစ်အကြေးတို့မှ ကင်းစင်လျက် နှစ်လိုဝမ်းမြောက်ခြင်းဖြင့် ကျအပ်သော မျက်ရည်သည်ကား တရားတော်ကို ယုံကြည်မြတ်နိုးခြင်းနှင့် စပ်လျဉ်းသဖြင့် အေးချမ်းသောမျက်ရည် ဖြစ်ပေတယ်။
ကောင်းမြတ်ဖြောင့်မှန်စွာ ဖြစ်အပ်သော မျက်ရည်သည် ဆေးသဖွယ်ဖြစ်၍ အညစ်အကြေးဖြင့် ယှဉ်အပ်သောမျက်ရည်သည်ကား အဆိပ်ဖြစ်ပေတယ် မင်းကြီး"
-------------------------->

-----ရာဂ မကင်းသူနှင့် ကင်းသူ-----

မိလိန္ဒမင်း - " အရှင်ဘုရား ... ရာဂ မကင်းသူနှင့် ရာဂ ကင်းသူတို့သည် ဆင်းသွင်သဏ္ဌာန် နေထိုင်သွားလာမှု စသည်တို့၌၊ အဘယ်သို့ ကွဲပြားခြားနားအပ်ပါသနည်း ဘုရား"

အရှင်နာဂသေန - " မြတ်သောမင်းကြီး ... ရာဂမကင်းသူသည် အာရုံငါးပါး၌ တပ်မက်မောခြင်း၊ မြတ်နိုးခြင်းရှိ၏ ။ ရာဂကင်းသူသည် အာရုံငါးပါး၌ တပ်မက်မောခြင်း၊ မြတ်နိုးခြင်း မရှိသည်သာတည်း"

မင်း - " အရှင်ဘုရား ... တပ်မက်ခြင်း၊ မတပ်မက်ခြင်း ဟူသည် အဘယ်သို့သော အမူအရာ ရှိပါသနည်း"

မထေရ်မြတ် - " မင်းမြတ် ... တပ်မက်သူသည် လိုချင်တောင့်တသော အမူအရာရှိ၏ ။ မတပ်မက်သူသည်ကား လိုချင်တောင့်တဟန် မရှိသည်သာတည်း။"

မင်း - " အရှင်ဘုရား ... တပည့်တော် သိရသည်ကား လိုချင်တောင့်တသူပင်ဖြစ်စေ၊ လိုချင်တောင့်တမှု ကင်းသူပင်ဖြစ်စေ ကောင်းမွန်သော အစားအသောက် အသုံးအဆောင်ကို လိုချင်တပ်မက်ကြသည်ချည်းသာ ဖြစ်ပါသည်၊ မကောင်းသော အစားအစာနှင့် မကောင်းသော အသုံးအဆောင်ကိုကား ရာဂ မကင်းသူပင်ဖြစ်စေ၊ ကင်းသူပင်ဖြစ်စေ လိုလားတပ်မက်ခြင်းမရှိပါ ဘုရား"

မထေရ်မြတ် - " မှန်ပေသည် မင်းကြီး၊... မင်းကြီးဆိုအပ်သည့်အတိုင်းပင် ရာဂ မကင်းသူသည်လည်းကောင်း၊ ကင်းသူသည်လည်းကောင်း ကောင်းမြတ်သည်တို့ကို သုံးဆောင်စားသောက်ကြသည်မှန်၏ ။ သို့သော် ရာဂ မကင်းသူသည် အရသာ၌ တပ်မက်စွဲလန်းခြင်းနှင့်တကွ ခံစား၏ သုံးဆောင်၏ ၊ ရာဂကင်းသူသည်ကား ချို ချဉ် ငန် စပ် ဖန် ခါး ဟူသော အရသာကို သိသည်မှတစ်ပါး အထူးအခြား တပ်မက်စွဲလန်းမှု အာရုံခံစားမှု မရှိသည်တာတည်း"

မင်း - " မှန်ပါ ... တပည့်တော် လက်ခံအပ်ပါသည် ဘုရား"

===> ဦးကောင်းထွန်း၏ `မိလိန္ဒ အမေးအဖြေ´ မှ ===


-- မှန်ပါတယ် ရာဂ စိတ်နဲ့ အစားအသောက်ကို စားသူဟာ အရသာခြောက်ပါးတို့ အပေါ်မှာ နှစ်သက်ခြင်းဆိုတဲ့ (တဏှာ)နဲ့ စားတဲ့အတွက် စွဲလန်းခြင်း(ဥပါဒါန်) ဖြစ်သွားပါတယ်။ စည်းစိမ်ဥစ္စာ အသုံးဆောင်တို့ကိုလည်း ထို့အတူပင် ရာဂ နှင့်သာယှဉ်တွဲကြပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး ရေးဆွဲအပ်တဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာ နည်းအရဆိုရင်လည်း အမှတ်(၂) အကွက်မှ ခံစားမှု(ဝေဒနာ) ကို မက်မောတွယ်တာတဲ့အတွက် အကွက်အမှတ်(၃) တဏှာ နဲ့ ဥပါဒါန် ကိုဆက်သွားပါတယ်။ (၂) မှ (၃) သို့ မဆက်မိအောင် တရားသဘောနှလုံးမသွင်းရင် -
'ဝေဒနာ ပစ္စယာ တဏှာ၊
တဏှာ ပစ္စယာ ဥပါဒါနံ၊
ဥပါဒါန ပစ္စယာ ဘဝေါ
ဘ၀ ပစ္စယာ ဇာတိ" ဆိုသည့်အတိုင်း
သံသရာလည်တဲ့လမ်းကြောင်းအပေါ်ပြန်ရောက်သွားတာပါပဲ။

-- သို့ပေမဲ့ ပညာရှိ ပုဂ္ဂိုလ်များကျတော့ သံသရာမလည်ဘဲ ရပ်သွားချင်တော့တဲ့အတွက် သံသရာကိုချဲ့ထွင်တတ်သော ဒွါရ(၆)ပါး -(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) တို့မှဝင်လာအပ်တဲ့ အာရုံတွေအပေါ် တရားသဘောနဲ့ယှဉ်တဲ့ ၀ိပဿနာဥာဏ်နဲ့ နှလုံးသွင်းလိုက်တဲ့အခါ ဖြစ်ပေါ်လာခြင်းနှင့် ပျောက်ပျယ်ပျက်စီးသွားခြင်းတို့မှအပ အခြားမမြင်တော့ဘဲ ဆက်လက်ရှုမှတ်လိုက်တဲ့အခါမှာ-
'ဝေဒနာ နိရောဓါ တဏှာ နိရောဓေါ'
ဆိုသည့်အတိုင်း အမှတ်(၂)အကွက်မှ သံသရာလည်စေတဲ့(၃)အကွက်ကို မဆက်တော့ဘဲ နိဗ္ဗာန်ကိုသာ မျက်မှောက်ပြုကြတော့သည်သာတည်း။

-- ထိုကဲ့သို့ ရာဂ အစရှိတဲ့ တရားတို့ကို မဖြစ်ရလေအောင်ပွားများအားထုတ်ရမှာကတော့ သတိပဋ္ဌာန်လေးပါးထဲမှ (ဓမ္မာနုပဿနာ)ကို ပွားများအားထုတ်ရပါမည်။ စာဖတ်ပရိတ်သတ်တို့ကို အကျွန်ုပ် သိစေလိုတာက အဲဒီ ဓမ္မာနုပဿနာပွားများခြင်းက မိမိအိမ်မှာနေ၍ပင်ဖြစ်စေ၊ လုပ်ငန်းခွင်မှာပင်ဖြစ်စေ၊ သွားရင်းလာရင်းနှင့်ပင်ဖြစ်စေ အိမ်ရှင်မတို့ကလည်း ချက်ရင်းပြုတ်ရင်နဲ့ဖြစ်စေ ပွားများအားထုတ်နိုင်ပါတယ်။ တရားအားထုတ်ရန်သက်သက် ရိပ်သာ၊ ကမ္မဋ္ဌာန်းကျောင်းတော်တို့ကို သီးသန့်သွားရောက် အားမထုတ်နိုင်သေးတဲ့ ပုဂ္ဂိုလ်တို့အတွက်တော့ လောလောဆယ်ကာလအတွင်း ပွားများအားထုတ်ရင်း ဘာဝနာကုသိုလ် ရယူနိုင်ပါတယ်။ အဲ့သလို ဆိုလို့ ရိပ်သာ စသည်တို့ကို သွားစရာမလိုဘူးလို့ ဆိုလိုတာ (လုံးဝ) မဟုတ်ပါဘူး။ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ အင်္ဂါ(၃)ပါးနှင့် ကြိုးစား ပွားများအားထုတ်မှသာလျှင် မြတ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမည်သာဖြစ်သည်။ ထို(၃)ပါး မပြည့်စုံသေးသ၍ မျက်မှောက်မပြုနိုင်ပါဘူး။ (၈)ပါးသီလဆိုတာကလည်း အဲ့သလို နေရာမျိုးတွေမှာ စောင့်ထိန်းမှ အနှောင့်အယှက်ကင်းနိုင်ပါတယ်။ မိမိရဲ့အိမ်၊ လုပ်ငန်းနေရာ စတဲ့နေရာကာလတွေမှာ စောင့်ထိန်းဖို့ဆိုတာ သာမာန်ပုထုဇဉ်တို့အတွက် မလွယ်ကူလှပါ။ သို့သော် (၅)ပါးသီလကိုတော့ လုံအောင်ထိန်းလို့ရပါတယ်။ ထို့ကြောင့် အချိန်ရှိတိုင်း ဓမ္မာနုပဿနာကို ပွားများခြင်းဖြင့် ဘာဝနာကုသိုလ်ယူနိုင်ကြပါစေလို့ စာရေးသူမှ ဆန္ဒပြုလိုက်ပါတယ်။

by Koe Tiger...
(ငရဲပြည်အကြောင်း သိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။)

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်