ပဋိသန္ဓေ ကာလအရည်ကြည်တည်ကာစက သားရယ် သမီးမသိခင် ချစ်ခင်မြတ်နိုး အရိပ်မိုးပမာ နေရာတိုင်းမှာ ကာကွယ်ခွန်အား ရှင် သန်အောင် ပြုစု ခဲ့ပါသော ဖေဖေနဲ့မေမေ။
လူ့လောကအလယ် အူဝဲ ဆိုသော အသံစာစာလေးနဲ့ စားချင်သည် သောက် ချင်သည် အိပ်ချင်သည်မပြောပြနိုင်ပဲ အင့်ခနဲ ဟင့်ခနဲ အသံလေးနဲ့ ကိုယ်ဖြစ်ချင်တာ ပြောနေတာကိုလဲ နားလည်ခဲ့သော ဖေဖေနဲ့မေမေ။
လူမမယ်ကလေးငယ်ဘ၀မှာ ကောင်းနိုးနိုးရာ ဆုံးမသွန်သင် ပညာအများ သင်ကာထားလို့ ဘ၀တက်လှမ်း မီအောင် တွန်းပို့ခဲ့ပါသော ဖေဖေမေမေ။
စုန်ရေသာရှိ ဆန်ရေမရှိသော မိဘမေတ္တာ သမီးနားလည်ခဲ့ချိန်မှ သမီးကို ထား လောကအလယ်မှ ထွက်ခွာ ခဲ့သောမွေးမေမေ။ ကျန်ရစ် ဖေဖေနှင့် ပူဆွေးတမ်းတ လွမ်းပါသော်လည်း မကြားနိုင်ခဲ့တော့သော မွေးမေမေရေ..
ဘ၀ကံအကြောင်းတရားမလှလေတော့ သောကကိုဖျာခင်း ငိုကြွေးခြင်းကန္တာရအလယ် မျက်ရည်မြစ်များစွာနဲ့ ဆင်းရဲခြင်းပင်လယ်ကို ကမ်းမမြင် လမ်းမမြင်အောင် ကူးခတ်နေခဲ့ရပေါ့။
သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်က နားလည်မှုပေးနိုင်ခဲ့သော အရင်နှီးဆုံးလူဆီမှ သမီးထက် က မေတ္တာတွေကို အနိုင်ပိုင်း အရှုံးတွေသာပေးစေခဲ့လို့ အဝေးကိုရှောင်ပြေး သွေးမြေခခဲ့ပြီမေမေ။
ပြန်ချင်သည်ဆိုသော်လည်း ပြန်ခွင့်မရှိ။ တွေ့ချင်သည်ဆိုလဲ တွေ့ခွင့်မရှိတော့တဲ့ သမီးဘ၀မှာ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုဖောက် ကိုယ့်ကိုယ်ကို အားပေး အနင်းခံဘ၀မှ ပြန်ထနိုင်ဖို့ ကြိုးစားနေဆဲပါမေမေ။
အဝေးကြီးလဲ မမျှော်မှန်းပါဘူး.. အများကြီးလဲ မတောင်းဆိုရဲပါဘူး . .. အရင်ငယ်စဉ်တုန်းက ပိုင်ဆိုင်နေကျ မိဘစုံလင် ပျော်ရွှင်ခဲ့ အချိန်များကို တီဗွီက လာတဲ့ ဇာတ်လမ်းများကို ကွန်ထိုးနဲ့ ရစ်သလိုမျိုး လုပ်လို့ရရင် သိပ်ကောင်းမှာပဲ မေမေ။
အဆုံးအစ မရှိတဲ့ လောကအလယ်မှာ ဘ၀အကြောင်းနားမလည်သေးတဲ့ သမီးဘ၀ လူဆိုးလူကောင်း ခွဲခြားဖို့လဲ ခက်လှပါတယ်မေမေ။ စွန့်ပစ်ခံ သမီးဘ၀ အသိုက်မြုံကလွတ်မယ်ထင်နေပေမယ့် သံကွန်ချာအထပ်ထပ်နဲ့ တားဆီးခံရသလိုမျိုး သမီး အကျဉ်းကျနေဆဲပါမေမေ။
သြော်...
အချိန်တွေ တရွေ့ရွေ့ကုန်ခဲ့ပါပြီမေမေ။ သမီးရှေ့က ချောက် ကမ်းပါးရဲ့ ဟိုးတစ်ဘက်မှာ မှိန်ပြပြ အလင်းရောင်လေး မြင်နေရပြီ။ ချောက် ကမ်းပါး အစွန်းမှာရပ်ပြီး ဘယ်ကို လှမ်းရမှန်းမသိသေးတဲ့ သမီး အတွက် တောင်း ဆိုခွင့်များ ရှိခဲ့ရင် ...
သံသရာအဆက်ဆက်.. ဘ၀အဆက်ဆက်မှာ ခုလို မိတကွဲ ဖတကွဲနဲ့ မိဘရင်ခွင် နားခိုခွင့်မရသူ မဖြစ်ပါစေနဲ့လို့ တောင်းဆု ပြုမိမှာပါမေမေ။
လွမ်းဆုလေး
(မိဘနှစ်ပါးရဲ့ မေတ္တာတရားကို နားလည်သော သားကောင်း သမီးရတနာတို့နဲ့ မိဘကျေးဇူး သိနားလည်သော လူတော်လေးများ ဖြစ်ကြပါစေလို့ ကျွန်မ လွမ်းဆုလေးမှ ဆုတောင်းပါတယ်။ အစွန့်ပစ်ခံ ဘ၀ရောက်မှ အသိတရားမရကြပဲ မည်သည့်အရာဖြစ်နေခဲ့ပါစေ နားလည်ခွင့်လွှတ်ပေးနိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကဗျာလေးကိုရေးဖို့ တစ်လတိတိ အချိန်ယူ ငိုကြွေးခဲ့ရတာမို့ ကျွန်မလို အဖြစ်မျိုး မျှော်လင့် ချက်မြက်ပင် မကျန်အောင် ဘယ်သူမှ မဖြစ်ကြပါစေနဲ့လို့ စိတ်ရင်းနဲ့ ဆုတောင်းရင်း .....
တစ်နေ့တော့ ကျေးဇူးဆပ်ခွင့်ပြန်ရအုံးမှာပါ ဖေဖေနဲ့ မေမေ... )
0 comments:
Post a Comment