အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အနှိုင်းမဲ့မီး

အနှိုင်းမဲ့မီး

Written By MyanmarChnnel@ on Sunday, August 17, 2014 | 10:27 PM

 
လောကမှာရှိရှိသမျှမီးအားလုံးထဲမှာရာဂမီး(သို့မဟုတ်) အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ရာဂမီး၊အချစ်မီးထက်ပိုပြီး ကိုယ်စိတ်နှစ်ပါးကို ပူလောင်စေပါ တယ်။ လောင်မြိုက်စေပါတယ် လို့ နှိုင်း ယှဉ်စရာ၊အစားထိုးစရာ ထပ်တူပြုစရာ တခြားမီးမရှိတော့လို့ပါပဲ။ရာဂမီး ၊အချစ်မီးနဲ့လဲလှယ်သင့်၊လဲလှယ် ထိုက်တဲ့ တခြားမီးလောကမှာမရှိတဲ့အတွက် ရာဂမီး၊အချစ်မီးဟာ “အနှိုင်းမဲ့မီး” ဖြစ်ရပါတယ်။

မီးဆိုတာ သူ့ကိုထိတွေ့လာတဲ့သက်ရှိ၊သက်မဲ့အရာမှန်သမျှကို ပူလောင်စေတတ်တဲ့သဘော ရှိပါတယ်။
မီးကိုကိုင်တွယ်တဲ့သူတိုင်း ပူလောင်တဲ့ဒုက္ခဝေဒနာကိုမလွဲမသွေခံစားကြရပါတယ်။ မီးနဲ့ထိတွေ့ လို့အေးမြ သွားတယ်၊ငြိမ်းချမ်းသွားတယ်ဆိုတာမရှိပါဘူး။

မိမိနဲ့ထိတွေ့ပက်သက်လာသူတိုင်းကိုပူလောင်စေတတ်တဲ့မီးအားလုံးထဲမှာ ရာဂမီး၊အချစ်မီးဟာ “အဆိုးဝါး ဆုံးမီး” ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ရာဂမီး၊အချစ်မီးဟာတစ်ခြားမီးတွေလို ကိုယ်ကိုတိုက်ရိုက်လောင်တဲ့မီးမဟုတ်ဘဲ၊“စိတ်”ကိုတိုက်ရိုက်လောင်တဲ့မီးဖြစ်နေလို့ပါဘဲ။

သက်ရှိလောကအနေနဲ့ပြောရရင်တခြားမီးတွေဟာ ကိုယ်ကိုဘဲတိုက်ရိုက်လောင်ပါတယ်။ ကိုယ်ကို အရင်လောင်ကျွမ်းပြီးမှစိတ်ကိုနာကျင်မှုတွေ၊မကျေနပ်မှုတွေပေးပြီးနှိပ်စက် လောင်ကျွမ်းပါတယ်။

ဒါတောင်မှ ကိုယ့်စိတ်ကိုနာကျင်မှုတွေ၊မကျေနပ်မှုတွေလုံးဝမဖြစ်တော့အောင် ဆောက်တည် ထားတဲ့ ပုဂ္ဂိုလ်တွေကိုတော့ကိုယ်ကိုတိုက်ရိုက်လောင်တဲ့အဲဒီပြင်ပမီးတွေ ကစိတ်ကို လောင်မြိုက်အောင် ဘာမှမ တတ်နိုင်ကြပါဘူး။

ရာဂမီး၊အချစ်မီးကတော့ ရာဂမကင်းသေးတဲ့သက်ရှိသတ္တ၀ါတိုင်းရဲ့စိတ်ကိုတိုက်ရိုက်လောင်ကျွမ်းပါတယ်။
စိတ်ကိုအရင်လောင်ကျွမ်းပြီးမှစိတ်ကြောင့်ဖြစ်တဲ့စိတ်နဲ့ဆက်စပ်နေတဲ့ ကိုယ်ကိုညှိုးနွမ်းမှုတွေ၊ ဖောက်ပြန် မှုတွေပေးပြီးနှိပ်စက်လောင်ကျွမ်းပါတယ်။

ကိုယ်ကိုလောင်တဲ့တခြားမီးတွေကလောင်ကျွမ်းရာ ကိုယ်တိုင်းကို ပူလောင်စေနိုင်ပေမယ့် စိတ်တိုင်း ကိုမပူလောင်စေနိုင်ပါဘူး။ကိုယ်ပူတိုင်းစိတ်မပူပါဘူး။စိတ်ကိုလောင်တဲ့ရာဂမီး၊အချစ်မီး ကတော့လောင် ကျွမ်းရာစိတ်တိုင်းကို ပူလောင်စေနိုင်သလိုအဲဒီစိတ်ပိုင်ရှင်ရဲ့ကိုယ်တိုင်းကိုလဲပူလောင်စေနိုင်ပါတယ် ။
စိတ်ပူတိုင်းကိုယ်ပူပါတယ်။

စိတ်ပူသလိုကိုယ်ပူတယ်ဆိုတာကသူ့အသားအရေကိုသွားစမ်းကြည့်ရင်ပူတာကိုသာ ဆိုလိုတာ မဟုတ်ပါ ဘူး။ရုပ်လက္ခဏာ ညှိုးနွမ်းနေတာ၊ တနည်းနည်းတစ်ဖုံဖုံအားဖြင့် ရုပ်ခန္ဓာဖောက်ပြန်နေတာကိုဆိုလိုတာပါ။
စိတ်ကိုလည်းအပူနဲ့နှိပ်စက်၊ကိုယ်ကိုလည်းအပူနဲ့နှိပ်စက်တဲ့ အတွက်ရာဂမီး၊အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်ရပါတယ်။

အပြင်မှာလောင်တဲ့မီး၊အပြင်မီးတွေကမီးခိုးတွေလည်းမြင်တွေ့ရ ၊ မီးတောက်တွေ လည်း၊မြင်တွေ့ရ၊မီးခဲ လည်းမြင်တွေ့ရတဲ့အတွက်ကြောင့်ကိုယ့်ကိုမလောင်ကျွမ်းအောင်ရှောင်တိမ်းလို့ရ ပါတယ်။အတွင်း မှာ လောင်တဲ့မီး၊အတွင်းမီးဖြစ်တဲ့ ရာဂမီး၊အချစ်မီးကတော့ မီးခိုးလည်းမမြင်တွေ့ရတဲ့အတွက်ကြောင့်
ကိုယ့်ကိုမလောင်ကျွမ်းအောင်ရှောင်တိမ်းလို့မရပါဘူး။

မြင်ကတည်းက ရင်ထဲမှာချစ်သွားတော့မယ်ဆိုတာသိလိုက်လို့မချစ်မိအောင်အမျိုးမျိုးရှောင်တိမ်းပေမယ့်
ဘယ်လိုမှရှောင်တိမ်းလို့မရဘဲမချစ်ချစ်ဖြစ်အောင် ချစ်မိသွားတာဟာ
“ရာဂမီး၊အချစ်မီးရဲ့ကိုယ်ပိုင်လျှို့ဝှက်စွမ်းအင်”ပါပဲ

မီးခိုး၊မီးတောက်၊မီးခဲတွေမမြင်ရပေမယ့်လုံးသားတွေတစ်စစီကြေမွပြီးပြာကျသွားလောက်အောင်
လောင်မြိုက်နိုင်စွမ်းရှိတဲ့ ရာဂဆိုတဲ့အတွင်းမီး၊အချစ်ဆိုတဲ့အတွင်းမီးဟာရှေုာင်တိမ်းဖို့ အင်မတန် ခက်ခဲ လွန်းတဲ့အတွက်ကြောင့်လည်း“အနှိုင်းမဲ့မီး” ဖြစ်ပါတယ်။

အပြင်မီးတွေကမလောင်ကျွမ်းအောင်၊လောင်ကျွမ်းနေရင်လည်းမကူးစက်အောင် လောင်စာတွေကို ဖယ်ရှားရှင်းလင်းပစ်ဖို့လွယ်ကူပါတယ်။ရာဂဆိုတဲ့အတွင်းမီး၊အချစ်ဆိုတဲ့အတွင်းမီးကတော့ မလောင် ကျွမ်းမကူးစက်အောင်လောင်စာတွေကိုဖယ်ရှားရှင်း လင်းပစ်ဖို့မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ရာဂမီး၊ အချစ်မီးရဲ့လောင်စာက“စိတ်”ဖြစ်နေလို့ပါဘဲ။

အသက်ထင်ရှားရှိနေသမျှစိတ်ကလည်းထင်ရှားရှိနေမှာမို့ အချိန်မရွေးလောင်စာရနေတဲ့၊ အမြဲ တမ်းလောင် စာရနေတဲ့ရာဂမီး၊အချစ်မီးအနှိုင်းမဲ့မီးဖစ်ရပါတယ်။ဒီတစ်ဘ၀မှာသာလော င်စာအမြဲရနေ တာမဟုတ်ပါဘူး။ သံသရာခရီးမဆုံးမချင်းလောင်စာအမြဲရနေတာပါ။

●“ရာဂ”ဆိုတာစွဲတဲ့သဘောကိုခေါ်တာပါ။အ၀တ်ဖြူလေးတစ်ခုပေါ်မှာဆေးရောင်တစ်ခုဆိုးလိုက်မယ်
ဆိုရင်ဆိုးလိုက်တဲ့ဆေးရောင်လေးအဲ့ဒီအ၀တ်ဖြူပေါ်မှာစွဲကျန်ရစ်ခဲ့ပါတယ်။
အ၀ါရောင်ဆိုးရရင် အ၀ါရောင်စွဲကျန်ရစ်မယ်။အနီရောင်ဆိုးရင် အနီရောင်စွဲကျန်ရစ်မယ်။
အဲဒီလိုစွန်းထင်းပေကျံပြီး စွဲကျန်ရစ်တဲ့သဘောကိုရာဂလို့ခေါ်ပါတယ်။

●တစ်စုံတစ်ယောက် တစ်စုံတစ်ခု၊ဒါမှမဟုတ် တစ်စုံတစ်ယောက် တစ်စုံတစ်ခုထက်များတဲ့သက်ရှိ ပုဂ္ဂိုလ် သက်မဲ့အရာဝတ္ထုတွေရဲ့အပေါ်မှာမိမိရဲ့စိတ်ကလေးစွန်းထင်းစွဲကပ်နေတဲ့သဘောကို “ရာဂ”လို့ခေါ်ပါတ ယ်။ဒါကိုဘဲလွယ်ကူအောင်စွဲလမ်းခြင်း၊တပ်မက်ခြင်း၊ ငြိကပ်ခြင်းလို့ သုံးနှုန်းကြပါတယ်။

●အလွယ်ကူဆုံးပြောရရင်အာရုံပေါ်မှာစိတ်စွဲနေခြင်းသဘော၊စိတ်ပေါ်မှာအာရုံစွဲနေခြင်းသဘောကို “ရာဂ” လို့ခေါ်ပါတယ်။ရာဂဆိုတာအ၀တ်ဖြူပေါ်ဆိုးတဲ့ဆေးရာင်နဲ့တူတယ်လို့သာမှတ်ထားလိုက်ပါရင် သဘောပေါက်ဖို့မခက်ပါဘူး။

“သံယောဇဉ်တို့၊အနှောင်အဖွဲ့”တို့ဆိုတာကိုလည်း ရာဂစာရင်းထဲမှာဘဲထည့်သွင်းရပါတယ်။
ဘာလို့လဲဆိုတော့ သံယောဇဉ်ကြီးရင်ကြီးသလောက်၊ အနှောင်အဖွဲ့တင်းရင်တင်းသလောက် ပူလောင်လို့ပါပဲ။

ရာဂဆိုတာဖိုမကိစ္စဆောင်ရွက်တဲ့အခိုက်မှာဖြစ်နေတဲ့သဘောတစ်မျိုးတည်းကိုသာဆိုလိုတာမဟုတ်ပါဘူး။
အာရုံရဲ့အရသာခံစားမှုကိုသာယာငြိကပ်တဲ့စိတ်နဲ့ချစ်ခင်နေတာမှန်သမျှ၊စွဲလမ်းနေတာမှန်သမျှ၊ သံယော ဇဉ်မှန်သမျှ၊အနှောင်အဖွဲ့မှန်သမျှကိုရာဂလို့ဆိုလိုပါတယ်။

အတိုချုပ်ကတော့ ချစ်စရာလို့မိမိထင်မြင်ယူဆနေတဲ့သက်ရှိသက်မဲ့အရာမှန်သမျှကိုချစ်နေတဲ့သဘော
အားလုံးဟာ “ရာဂ” ပါဘဲ။သူ့အကျိုးလိုလားတဲ့ မေတ္တာစစ် နဲ့မဟုတ်ဘဲ  ကိုယ့်အကျိုးလိုလားတဲ့ တဏှာချစ်နဲ့ ချစ်တာမှန်သမျှ ရာဂတွေချည်းပါဘဲ။ လောကမှာလက်ရှိအထင်အရှားသုံးနှုန်းနေတဲ့ စကား(လောကဝေါ ဟာရစကား၊အထင်ရုဠီစကား) နဲ့ပြောရရင်တော့ရာဂဆိုတာအချစ်ပါ၊ရာဂမီးဆိုတာအချစ်မီးပါ။

“အချစ်ဟာ…မီးလား” လို့ရပ်ကွက်ထဲမှာကလေးတွေအော်ဆိုနေတဲ့အသံကြားဖူးပါတယ်။ သံသယ အတွေး နဲ့ဘာမှစဉ်းစားမနေပါနဲ့။အချစ်ဟာမီးပါ။မီးတောင်မှ ရိုးရိုးသာမာန်မီးမဟုတ်ပါဘူး။ တစ်လောကလုံး ရှိရှိသမျှ မီးအားလုံးထဲမှာအပူဆုံးမီး၊အနှိုင်းမဲ့မီးပါ။ အချစ်ထက်ပူတဲ့မီးလောကမှာမရှိတော့ပါဘူး။

တစ်စုံတစ်ယောက်၊သို့မဟုတ် တစ်စုံတစ်ခုအပေါ်မှာ စွဲစွဲလမ်းလမ်းချစ်နေပြီ၊ စွဲစွဲလမ်းလမ်းငြိကပ်တပ်မက်နေပြီဆိုရင်မရခင်မှာလည်းမျှော်လင့်တမ်းတခြင်းတွေနဲ့ပူလောင်ရပါတယ်။ ရနေဆဲအချိန်တွေမှာ 

လည်းမျှော်လင့်တမ်းတခြင်းတွေနဲ့ပူလောင်ရပါတယ်။ရပြီးလို့ပျောက်ကွယ်ပျက်စီးသွားတဲ့အခါမှာလည်း
ဆွေးမြေ့ကြေကွဲခြင်းတွေနဲ့ပူလောင်ရပါတယ်။အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်၊ကာလ သုံးပါးလုံး မှာ လောင်တဲ့မီးဟာ ရာဂမီးပါပဲ။

အချစ်ဆိုတာရာဂ၊ရာဂဆိုတာကိလေသာ၊ကိလေသာဆိုတာအကုသိုလ်၊အကုသိုလ်ဆိုတာဆိုးကျိုးကိုဖန် တီးပေးတဲ့အရာ၊ဒီတော့အချစ်ကြောင့်ကံကောင်းခြင်းလက်ဆောင်တွေရလိမ့်မယ်လို့ ဘယ်လိုနည်းနဲ့ မှ မမျှော်လင့်ပါနဲ့။အချစ်ကြောင့်ပူလောင်ခြင်းလက်ဆောင်တွေသာတစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ်ဆိုတာ သစ္စာတရားတစ်ခုအဖြစ်အရိုးစွဲအောင်မှတ်သားထားကြပါတော့။

“ပီယတော ဇာယတီ သောကော၊ ပီယတော ဇာယ တီဘယံ”“အချစ်ကြောင့် ပူလောင်သောကဖြစ်၏။
အချစ်ကြောင့်ဘေးရန်ဒုက္ခဖြစ်၏” ဆိုတာမြတ်စွာဘုရားရဲ့ အမှန်ကန်ဆုံးအချစ်ဒဿနပါဘဲ။
မီးခိုးလည်းမမြင်ရ၊မီးတောက်လည်းမမြင်ရ၊မီးခဲလည်းမမြင်ရဘဲနဲ့ပြာကျလောက်အောင်လောင်တဲ့မီး
ဟာရာဂမီးပါ၊အချစ်မီးပါ။

အချစ်ဆိုတာအပူလောင်ဆုံးအနှိုင်းမဲ့မီးလို့ဘယ်လိုပဲပြောပြော ၊ပုထုဇဉ်နယ်ပယ်မှာတော့ အချစ်ဟာ ဟင်းတိုင်းမှာပါတဲ့ဆားလိုမရှိမဖြစ်ဖြစ်နေပါတယ်။ ငရုပ်သီးထဲကပိုးဟာ အပူကို လုံးဝ မကြောက်တော့ သလိုအပူကြိုက်လွန်းလို့ အပူပြီးနေတဲ့ပုထုဇဉ်အများစု ဟာလည်းအချစ်ကို ပူလောင် တယ်လို့တောင်မ ထင်ကြတော့ပါဘူး။
ပိုးဖလံမျိုးမီးကိုတိုးနေတာပါလို့ ဆင်ခြေပေးနေပြန်တော့လည်းဘာများတတ်နိုင်ဦးမှာတဲ့လဲ။

“မရှိမဖြစ်ဆား” ဆိုပေမယ့် သွေးတိုးရောဂါရှိသူကတော့ဆားကိုမရှောင်မဖြစ်ရှောင်ဖို့လိုအပ်သလို
အဆင့်အတန်းမြင့်တဲ့ သမထ၊၀ိပဿနာ၊တရားချမ်းသာကိုခံစားချင်တဲ့သူဟာလည်းအချစ်ကို ဝေးဝေးရှောင် ဖို့လိုအပ်ပါတယ်။တရားအလုပ်ခွင်မှာတော့အချစ်ကို  “ကာမစ္ဆန္ဒနီဝရဏ” လို့ခေါ်ပါတယ်။ သူက တိုးပွားအောင်လုပ်ရမယ့်အရာမဟုတ်ပါဘူး။ ချုပ်ငြိမ်းအောင်ပယ်ရမယ့်အရာပါ။

■မဖြစ်ပေါ်သေးတဲ့အချစ်စိတ်တွေဖြစ်ပေါ်လာစေနိုင်တဲ့၊ဖြစ်ပေါ်ပြီးသားအချစ်စိတ်တွေတိုးပွားလာစေနိုင်တဲ့
အကြောင်းတရားနှစ်ပါးရှိပါတယ်။“သုဘနိမိတ် နဲ့ အယောနိသောမာသိကာရ”တို့ပါဘဲ။

●သုဘနိမိတ်ဆိုတာမြင်ကြားတွေ့သိရတဲ့အာရုံကိုတင့်တယ်တယ်၊ကောင်းတယ်၊ချစ်စရာလေးလို့
ထင်မြင်ယူဆ မှတ်သားမှုပါပဲ။ချစ်စရာလို့ထင်နေမှတော့“ချစ်စရာမို့ချစ်ပါတယ်” ဆိုပြီးချစ်သွားတော့ မှာပဲပေါ့။

●အယောနိသောမနသိကာရဆိုတာကတော့ မြင်ကြားတွေ့သိရတဲ့အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်း မှုပါဘဲ။“ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊သူတစ်ပါး၊ယောက်ျား၊မိန်းမ”လို့ နှလုံးသွင်းတာ၊“မြဲတယ်၊ကောင်းတယ်၊ပိုင် တယ်”လို့နလုံးသွင်းတာဟာ မှားယွင်းတဲ့နှလုံးသွင်းမှုပါပဲ။

■အချစ်မီးတောက်လောင်ခြင်းရဲ့အကျိုးကိုသိပြီဆိုရင် အချစ်မီးငြိမ်းအေးခြင်းရဲ့အ ကြောင်းကလဲ သိလောက် ပါပြီ။အသုဘနိမိတ် နဲ့ ယောနိသောမနသိကာရဟာ မဖြစ်ပေါ်သေးတဲ့အချစ်မီးမဖြစ်ပေါ်ဖို့၊ဖြစ်ပေါ်ပြီးသား အချစ်မီးငြိမ်းအေးဖို့အတွက်အကြောင်းတရားနှစ်ပါးပါပဲ။

မြင်ကြားတွေ့သိရတဲ့အာရုံရဲ့ မတင့်တယ်တဲ့သဘော(အသုဘသဘော)ကို ထွင်းဖောက်ဆင်ခြင်နိုင်မယ်
ဆိုရင်အချစ်မီးရဲ့လောင်မြိုက်မှု ကိုခံရမှာမဟုတ်တော့ပါဘူး။အသုဘဆိုတဲ့အပြစ်မြင်နိုင်ရင်အချစ်မ ၀င်နိုင်တော့ပါဘူး။အပြစ်မမြင်လို့ အချစ်ဝင်တာပါ၊ အပြစ်မြင်ရင် အချစ်မ၀င်နိုင်တော့ပါဘူး။

မြင်ကြားတွေ့သိရတဲ့အာရုံရဲ့တစ်ကယ့်အရှိသဘောကိုမှန်မှန်ကန် ကန်နှလုံးသွင်းခြင်းဆိုတဲ့
ယောနိသောမနသိကာရ ဖြစ်ဖို့အတွက်ကတော့ သတိပဋ္ဌာန်တရားပွားများအားထုတ်ရမှာပါ။

အချစ်မီးဆိုတာ ထိုင်ချိန်မှာသာတောက်လောင်နေတာမဟုတ်တဲ့အတွက်အချစ်စိတ်ဖြစ်ပေါ်လာတဲ့
အချိန်တိုင်းဘယ်နေရာဘဲရောက်ရောက်၊ဘာပဲလုပ်နေလုပ်နေ တောက်လောင်တဲ့အချစ်မီးကို
သတိပဋ္ဌာန်ရေစင်နဲ့သွန်းဖျန်းငြှိမ်းသတ်ရပါမယ်။

သတိပဋ္ဌာန်ရေစင် သွန်းဖျန်းခံရတဲ့အာရုံစိတ်မှာရာဂမီး၊အချစ်မီးတောက်လောင်နိုင်စရာ
အကြောင်းမရှိတော့ပါဘူး။

ပူလောင်တဲ့မီးကိုကြားခံစက်ခလုတ်ရဲ့အကူအညီနဲ့အအေးဓာတ်ဖန်တီးပြီး ရေခဲသေတ္တာတို့၊
လေအေးပေးစက်တို့ပြုလုပ်ကြသလို၊ ပူလောင်တဲ့ရာဂမီးအချစ်မီးကိုလည်း သမထ၊၀ိပဿနာဆိုတဲ့ကြားခံဘာဝနာခလုတ်အကူအညီနဲ့ဝိပဿနာဉာဏ်ဓာတ် ဖန်တီးပြီး မဂ်ဖိုလ်တို့၊နိဗ္ဗာန် တို့ရယူနိုင်ပါတယ်။

ရာဂအချစ်အပူဓာတ်ကို ဓမ္မအနှစ် အအေးဓာတ်အဖြစ်အသွင်ပြောင်းထုတ်လုပ်နိုင်တာဟာ
“သတိပဋ္ဌာန် စက်ခလုတ်”ပါပဲ။

“သစ်ပင်မှာအမြစ်၊လူမှာအချစ်” လို့ပြောလေ့ရှိကြပါတယ်။သစ်ပင်တစ်ပင်ဟာအမြစ်ရှင်သန်ခိုင်မြဲနေသရွေ့
မြေကြီးထဲကရုန်းထွက်လို့မရသလိုလူဟာလည်း အချစ်ရှင်သန်ခိုင်မြဲနေသမျှ  မီးဟုန်းဟုန်းတောက်နေတဲ့ သံသရာထဲကဘယ်တော့မှရုန်းထွက်လွတ်မြောက်ခွင့်ရမှာမဟုတ်ပါဘူး။

တစ်လောကလုံးရဲ့အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကရာဂမီး၊အချစ်မီးဟာအနှိုင်းမဲ့မီးဖြစ်တယ်လို့
“နတ္ထိရာဂသမော အဂ္ဂိ” ဆိုတဲ့စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်းလူသားတိုင်း
ရာဂမီး ၊အချစ်မီးဆိုတဲ့အနှိုင်းမဲ့မီးကိုအကြွင်းမဲ့ငြိမ်းအေးအောင်ငြှိမ်းသတ်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】-【“အနှိုင်းမဲ့ချမ်းသာ” နှာ ၂၄ -၃၉ မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်