ဘယ်ဆီကို လှမ်း မျှော်မှန်းကြည့်လဲ
ပြာလဲ့လဲ့ ရေပြင်သာ အုပ်စိုး
လှုပ်ခတ်နေတဲ့ ရေပြင်ကျယ်ကိုသာ
မြင်တွေ့နေခဲ့ ဘ၀ပင်လယ်ပြင်မှာ
မုန်တိုင်းတို့ အလီလီ ကျနိုင်မှန်း
ငါသိပေမယ့် ......
ငါ ဆောက်ခဲ့တဲ့ ရွက်လှေ
အိမ်ပြန်ကမ်းရောက်သည်အထိ
ခိုင်ခံ့ဖို့တော့ လိုသည်လေ။
လောကဓံရွက်လှေတစ်ခုနဲ့
အနာဂတ်သမုဒ္ဒရာထဲ
ပန်းတိုင်တွေ့ဖို့ ဆင်းရှာမိသူ
ငါ့ကို ..
ရူးတယ်လဲ ပြောချင်ပြောကြမှာပေါ့.. ။
ငါ သွားနေတဲ့ခရီး
ငါ ရောက်နေတဲ့ နေရာ
ငါ တည်ရှိတဲ့ ဒီလှေပေါ်မှာ
အားလုံး ကိုယ်စီ ရှိနေကြတာ
မေ့နေကြတာကိုး .. ။
ထားပါတော့လေ
ဘ၀နေ၀င်ချိန် တောင်စွယ်စီက
နွမ်းလျလျ မျက်ဝန်းတစ်စုံနဲ့
ပုလဲလုံးစီလျက်
မျှော်လင့်နေမဲ့ အမေ့အိမ်ကို ရောက်ဖို့က
ပိုအရေးကြီးတယ် မဟုတ်လား ။
အိမ်ရောက်ရင် ....
အမေရင်ခွင် တိုးဝင်
ပန်းသမျှ နွမ်းစရာမကျန်အောင်
အမေ့မျက်နှာမော့ကြည့်
အေးချမ်းစွာ အတူနေမယ်နော်လို့
ကြည်းနူးစွာ ပြောမိရင်း ...
သားတစ်ယောက် အိမ်ပြန်လမ်းမှာ
တုန်ယင်နေတဲ့ ခြေလှမ်းများနဲ့
ကမ်းစပ်က စောင့်နေတဲ့ အမေ့ကို
မျက်ဝန်းထဲ မြင်မိ
မိုးလင်းမိုးချုပ်
တစ်နေ၀င် တစ်နေ့ကူး
တွေ့ချင်ဇောနဲ့ မျှော်နေမယ့် အမေရေ..
သား အပြန်ခရီးမှာ
လမ်းတ၀က် ရောက်နေပြီလို့
ရင်ထဲ နက်ရှိုင်းဆုံးနေရာက
အမေ့ဆီလှမ်း
သတင်းပေးနေမိရဲ့ ။
လွမ်းဆုလေး
0 comments:
Post a Comment