အိန္ဒိယပြည်၊ မဂဓတိုင်း၌ ဂေါတမဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်ခဲ့သောအချိန်ကဖြစ်သည်။ ဟိမ၀န္တာ၌ ရသေ့ဘ၀ဖြင့်တရားကျင့်ကြံနေကြသော ရသေ့ငါးရာတို့သည် ကိုယ်ကို ကောင်းစွာပြည့်ဖြိုး အားရှိစေရန် အတွက် အကြား အကြားအချိန်၌ ကောသမ္ဗီပြည်သို့ လာကြလေ့ရှိသည်။
ဃောသကသူဌေးကြီး-စသော ကောသမ္ဗီသူဌေး(၃)ဦးတို့ကလည်း မိမိတို့ ဥယျာဉ်အသီးအသီး၌ သစ်ရွက်မိုးကျောင်းများကို ဆောက်လုပ်၍ ဆည်းကပ်လုပ်ကျွေး ပြုစုကြသည်။
တစ်နေ့တွင် ထိုရသေ့တို့သည် ဟိမ၀န္တာမှကြွလာစဉ် ခရီးလမ်းမ၌ ဆာလောင်မွတ်သိပ် ပင် ပန်းသောကြောင့် ညောင်ပင်တစ်ပင်အရင်းသို့ကပ်ပြီး အနားယူနေထိုင်ကြလေသည်။ ထို့ပြင် ထိုညောင်ပင်ကို အုပ်စိုးသော နတ်မင်းထံမှ ချီးမြောက်မှုကို တောင့်တမိကြသည်။
ရုက္ခစိုးသည် အလုံးစုံတောက်ပသော အဆင်တန်ဆာတို့ဖြင့် ၀တ်ဆင်အပ်သော လက်ကိုဆန့်၍ ထိုရသေ့တို့အား သောက်ရေ,ဖျော်ရည်အစရှိသည်တို့ကိုပေး၍ ပင်ပန်းခြင်းကို ပယ်ဖျောက်ပေးလေသည်။
ထိုရသေ့တို့သည် ရုက္ခစိုးနတ်၏အာနုဘော်ကို အံ့သြကုန်သည်ဖြစ်၍
“အို…နတ်သား သင်သည် အဘယ်သို့သော ကောင်းမှုကိုပြုခဲ့သဖြင့် ဤစည်းစိမ်ကို ရခဲ့သနည်း..” ဟု မေးကြလေသည်။
ထိုအခါ ရုက္ခစိုးနတ်မင်းက မိမိ၏ အတိတ်ဘ၀ကဇာတ်ကြောင်းကောင်းမှုကို ပြန်ပြောသည်မှာ…
“လောက၌ ဗုဒ္ဓဘုရား ပွင့်တော်မူနေပါသည်။ ထိုဘုရားသည် ယခု သာဝတ္ထိပြည်တွင် သီတင်းသုံးနေပါသည်။ အနာထပိဏ်အမည်ရှိသောသူဌေးက ထိုမြတ်ဗုဒ္ဓကို ကျောင်းဆောက်လှူပြီး ပြုစုလုပ်ကျွေးနေပါသည်။
ထိုအနာထပိဏ်သူဌေးသည် ဥပုသ်နေ့တို့၌ မိမိ၏အလုပ်သမားတို့အား ပေးမြဲထမင်း လ စာကိုပေး၍ ဥပုသ်စောင့်ခြင်းကို ပြုစေပါသည်။
ထိုအခါ အကျွန်ုပ်သည် တစ်နေ့မွန်းတည့်ချိန်တွင် နံနက်စာစားရန်အတွက် လာသည်ရှိသော် အခစား အလုပ် ပြုလုပ်သူတစ်စုံတစ်ယောက်မျှ မမြင်၍..
“ ယနေ့ လူတွေဘာကြောင့် အလုပ် မလုပ်ကြသလဲ” ဟု မေးပါသည်။ ထိုသူတို့က ယနေ့ဥပုသ်နေ့ဖြစ်၍ အလုပ်မလုပ်ကြကြောင်း ပြောကြပါသည်။ ထိုအခါ အကျွန်ုပ်က …
“ယခုအချိန်တွင် နေ့ဝက်လွန်သွားပါပြီ၊ နေ့ဝက်ဥပုသ်စောင့်ခြင်းကို ပြုလုပ်ကောင်းပါသလော”ဟု မေးခဲ့ရာ ထိုသူတို့က အနာထပိဏ်သူဌေးကြီးအား သွားရောက်ပြောကြားကြရာ သူဌေးကြီး က နေ့ဝက် ဥပုသ်စောင့်ကောင်းကြောင်း ပြောပြသဖြင့် ကျွန်ုပ်သည် နေ့ဝက် ဥပုသ် ကို ဆောက်တည်ပါသည်။
ကျွန်ုပ်ဗိုက်ထဲတွင် အစာမရှိ၍ ညဥ့်အချိန်တွင် လေနာရောဂါပြင်းထန်စွာ ဖြစ်ခဲ့ပြီး ကွယ်လွန်ခဲ့ရာ ထိုနေ့ဝက်စောင့်ခဲ့သော ဥပုသ်သီလအကျိုးဖြင့် ဤကဲ့သို့သော နတ်စည်းစိမ်ကို ခံစားရပါသည်…”ဟု ရုက္ခစိုးနတ်က ရှင်းလင်းပြခဲ့ပါသည်။

ထိုအခါကျမှ ရသေ့တို့သည်လည်း လောက၌ ဘုရားရှင်
ပွင့်ထွန်းပေါ်နေပြီးဖြစ်ကြောင်း အလုံးစုံသိရှိကြပြီး မိမိဒါယကာ
သူဌေးကြီး(၃)ဦးတို့အားပြောပြကာ ဘုရားရှင်ရှိရာ သာဝတ္ထိပြည်သို့
ဆက်လက် ထွက်ခွါခဲ့ ပါသည်။
ဤဇာလိယသုတ်တော်လာ ရုက္ခစိုးနတ်ဘ၀နှင့် လူတို့၏သီလ, ရဟန်း,သာမဏေတို့၏ သီလအမျိုးမျိုးတို့ကို ခွဲခြားဟောကြားပြီး စောင့်ထိန်းရန်လမ်းညွှန်ခဲ့သလို သီလစောင့်ထိန်းမှုကြောင့် လူသားတို့ရနိုင်သော အကျိုးငါးပါးကိုလည်း အတိအကျ ဟောကြားထားပေးခဲ့သည်ကို လေ့လာတွေ့ရှိရပါမည်။
သီလစောင့်ထိန်းမှုအကျိုးတို့မှာ-
၁။ များစွာသော စည်းစိမ်ဥစ္စာ၊ စီးပွားတိုးတက်ခြင်း
၂။ ကောင်းသတင်းဂုဏ် ပျံ့လှိုင်ကျော်ကြားခြင်း
၃။ ပရိသတ်အလယ်သို့သွားသော် ရဲရဲဝင့်ဝင့်သွားလာနိုင်ခြင်း
၎။ ဘ၀နောက်ဆုံးအချိန် ကွယ်လွန်ခါနီး မတွေမဝေ ကြည်ကြည်လင်လင် ကွယ်လွန်ရခြင်း
၅။ လူ့ဘ၀ကို စွန့်ခွါပြီးသော် နတ်ပြည်သို့ သွားရောက်ရခြင်း-တို့ ဖြစ်ပါသည်။
သီလအကျိုးသည် ဤလောကီကောင်းကျိုးချမ်းသာရစေရန်အတွက်သာမက သမထ၊ ၀ိပဿနာ တရားမြတ်ကို ကျင့်ကြံအားထုတ်ရာ၌ စင်ကြယ်မှု(၇)မျိုးလိုအပ်ပြီး သီလစင်ကြယ်မှု(သီလ၀ိသုဒ္ဓိ)သည် နံပါတ်တစ်နေရာတွင် ပါဝင်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ သီလမစင်ကြယ်ပါက မည်သည့် တရားကိုမျှ မဂ်ပေါက်, ဖိုလ်ဝင်အောင် အားထုတ်၍မရပါ။
သီလ၏အခန်းကဏ္ဍသည် လောကီလူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု- စသည်တို့တွင် လည်းကောင်း၊ လောကုတ္တရာ သံသရာမှလွတ်သော မဂ်,ဖိုလ်ရရေး တွင်သော်လည်းကောင်း မည်မျှ အလေးအနက်ထားရမည်ကို လေ့လာအကဲခက် သိရှိနိုင်ပါသည်။
တစ်ဖန် ဗုဒ္ဓက သီလ၀တော ဣစ္ဆတ္ထ ဘိက္ခဝေ- သီလရှိသောပုဂ္ဂိုလ်သည် လိုတာ အကုန်ရ သည်ဟု ဟောကြားထားချက်အရ သီလရှိသောပုဂ္ဂိုလ်သည် မိမိဘ၀အတွက် လောကီ,လောကုတ် စည်းစိမ်ချမ်းသာ အမျိုးမျိုးကိုရနိုင်ကြောင်း သိရှိနိုင်ပါသည်။
လူ့လောက လူ့သဘာဝတွင် လူတစ်ဦးတစ်ယောက်ကို တာဝန်ပေးတော့မည်ဆိုပါက အကျင့် စာရိတ္တကောင်းခြင်း,မကောင်းခြင်းဟူသော ပေတံဖြင့်တိုင်းတာ၍ ရွေးချယ်ကာ အလုပ်တာဝန်ပေးခြင်းများ ရှိပါသည်။ ဤအကျင့်စာရိတ္တ ကောင်း,မကောင်းပေတံသည် ဤသီလ၏ အစွမ်းသတ္တိပင် ဖြစ်ပါသည်။
ဤဇာလိယသုတ်တော်လာ ရသေ့တို့အား ကူညီပေးခဲ့သောရုက္ခစိုးနတ်၏ လူ့ဘ၀က နေ့ဝက် ဥပုသ်သီလအကျိုးမျှဖြင့် ဤမျှတန်ခိုးကြီးမားပြီး ပြည့်စုံသော ရုက္ခစိုးနတ်သား ဘ၀ ရောက်ရှိခံစားရ ပုံကို လေ့လာသောအားဖြင့် လူ့လောကတွင် အကျင့်သီလသည် မည်မျှအရေးပါ အရာရောက်၍ ထိပ်တန်းကျသော တရားဖြစ်ကြောင်း လေ့လာအကဲခတ်၍ ရနိုင်ပါသည်။
ကျမ်းကိုးစာရင်း
(ဒီ၊ဋ္ဌ၊၁။၂၈၇။)
(သီ၊ဋီ၊သစ်၊၃။)
(ဆရာကြီးဦးကိုကိုမြိုင်၏ သုတ်သီလက္ခန်ခေတ်လေ့လာနည်းသင်ခန်းစာ
သု၊လေ့၊၃။၇၀/၇၁/၇၂/၇၃/၇၄/။)
ဗုဒ္ဓမြတ်စွာ ၊ သာသနာ ၊ ရောင်ဝါနေထက် လင်းပါစေ….။
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

0 comments:
Post a Comment