ပထမပိုင်းမှာ ၄နှစ်ဗီဇာသက်တမ်းကုန်တဲ့အလုပ်သမားတွေ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အကျဉ်း ချုပ်ပြီး ပြောခဲ့ပြီးပါပြီ။ ဒီလုပ်ငန်းစဉ်တွေကို လာမယ့်၉လိုင်း၂၁ရက်နေ့ ၂၁.၉.၂၀၁၄ မတိုင်ခင်မှာ လုပ် ဆောင်ရပါမယ်။ လောလောဆယ် ဗီဇာကုန်နေတဲ့လူတွေကို ဖမ်းဆီးအရေးယူတာ မလုပ်သေးပါဘူး။ ဒါပေမဲ့ ခုနကပြောသလို ၉လပိုင်း ၂၁ရက်နေ့မတိုင်ခင် လျှောက်လွှာအပြီးတင်တာတွေ လုပ်ရပါမယ်။ လျှောက်လွှာတွေကို မိမိနေထိုင်တဲ့ ခရိုင်က အလုပ်ရှာဖွေရေးဌာန(ကျက်ဟာငန်) မှာတင်ရပါမယ်။ ဒီမှာ ဇာတ်လမ်းတွေ စ လာပါပြီ။
လက်ရှိအလုပ်သမားတွေကိုင်ဆောင်နေတဲ့ ယာယီပတ်စ်ပို့တွေရရှိဖို့ လျှောက်လွှာတင်တုန်းက အလုပ် ရှင်နဲ့အလုပ်သမားတွေဟာ အလုပ်ရှာဖွေရေးဌာန(ကျက်ဟာငန်)မှာ ကိုယ်တိုင်သွားတင်ရင် ဒီလျှောက် လွှာတွေ ပြန်မကျလာပါဘူး။ ပွဲစားကုမ္ပဏီနဲ့တင်မှသာ ဒီလျှောက်လွှာတွေပြန်ကျလာပြီး နယ်စပ်ကရုံး တွေ၊ နောက်ပိုင်း ထိုင်းနိုင်ငံအတွင်းထဲမှာဖွင့်ထားတဲ့ရုံတွေမှာ ယာယီပတ်စ်ပို့သွားလုပ်ခဲ့ရတာ မှတ်မိ ကြဦးမှာပါ။ ဒါကြောင့်လည်း အစိုးရကသတ်မှတ်ထားတဲ့ ယာယီပတ်စ်ပို့ဖိုး ဘတ်၅၅၀၊ ၂နှစ်ဗီဇာ ဘတ် ၅၀၀ စုစုပေါင်း ဘတ်၁၀၅၀ နဲ့မရပဲ အကျိုးဆောင်ခအဖြစ် ဘတ်၅၅၀၀ ကနေ ၈၅၀၀ တစ်ချို့ဆို ဘတ်သောင်းနဲ့ချီ ကုန်ကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အလုပ်လုပ်ခွင့်လက်မှတ်(Work Permit) ဖိုး နောက်ထပ် ဘတ်၅၀၀၀ လောက်ထပ်ကုန်ခဲ့ပါတယ်။ အလုပ်သမားအများစုရဲ့စိတ်ထဲမှာ ပတ်စ်ပို့လုပ် ရင် ဘတ်၅၀၀၀ကျော် ကုန်မယ်လို့ချည်း ထင်နေကြပါတယ်။ တကယ့်မူရင်းဈေး ဘတ်၁၀၅၀ ပဲကုန် မယ် ဆိုတာ ၉၉% မသိကြပါဘူး။ အခုလည်း အရင်ပုံစံအတိုင်း အလုပ်ရှာဖွေရေးဌာန(ကျက်ဟာငန်) ကို အလုပ်ရှင်အလုပ်သမားကိုယ်တိုင် လျှောက်လွှာသွားတင်ရင် ပြန်ကျလာမယ်လို့ အာမခံချက်မရှိ ပါဘူး။ ထုံးစံအတိုင်း ပွဲစားကုမ္ပဏီနဲ့တင်ရင်တော့ သေချာပေါက် ပြန်ကျလာမယ်ဆိုတာ အထူးပြော စရာမလိုတော့ပါဘူး။
အဲ့ဒီတော့ အခုတစ်ခါလည်း အရင်လိုပဲ ပွဲစားခထပ်ကုန်ဦးမှာ ကျိန်းသေပေါက်ပါပဲ။ အစိုးရသတ်မှတ် တဲ့ မူရင်းဈေးက ပတ်စ်ပို့စာအုပ် ဘတ်၁၆၀၀ ဗီဇာ၂နှစ်စာ ဘတ်၅၀၀ စုစုပေါင်း ဘတ်၂၁၀၀ပဲ ကုန် မှာဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျနော်တို့သိရသလောက် ပွဲစားကုမ္ပဏီတွေက ဘတ်၁၂၀၀၀(သောင်းနှစ်ထောင်) ဈေးခေါ်နေပါပြီ။ ဘယ်လောက်ထိ ဈေးကြီးဦးမလဲဆိုတာ မသိရ သေးပါဘူး။ အဲ့ဒါအပြင် အခုတစ်ခေါက်လုပ်မယ့် လုပ်ငန်းစဉ်မှာ မြန်မာမှတ်ပုံတင်နဲ့အိမ်ထောင်စု စာရင်းပါ တင်ပြရမှာဖြစ်ပါတယ်။ မှတ်ပုံတင်မရှိတဲ့၊ အိမ်ထောင်စုစာရင်းမရှိတဲ့အလုပ်သမားတွေ အများကြီးပါ။ တချို့ရှိခဲ့ရင်တောင် ထိုင်းကိုယူလာတာမဟုတ်တော့ အဲ့ဒါတွေကို မြန်မာပြည်ပြန်ပြီး လုပ်တာပဲဖြစ်ဖြစ်၊ မြန်မာပြည်ပြန်ပြီးသွားယူတာပဲဖြစ်ဖြစ် လုပ်ရပါတော့မယ်။ ဗီဇာကုန်နေတဲ့လူတွေ ဟာ မြန်မာပြည်ပြန်ပြီးရင် ထိုင်းထဲကို တရားဝင်ပြန်လာဖို့ မဖြစ်နိုင်တော့ပါဘူး။ ကရိကထ ကလည်း တော်တော်များတဲ့ကိစ္စပါ။ နောက်ဆုံး လွယ်လွယ်ကြိုက်တဲ့ လူသားတို့သဘာဝအတိုင်း ပွဲစားကို ငွေပေးပြီး လုပ်ခိုင်းကြဦးမှာပါ။ ဆိုတော့ကာ ငွေပေးလို့ အစစ်အမှန်ရလာရင် တော်သေးပါတယ်၊ ငွေပေးလိုက်ပြီးမှ လိမ်ခံထိရင် မိအေး၂ခါနာကြပါဦးမယ်။ ဒီ့ထက်ဆိုးတာက အတုတွေလုပ်ပေးလာရင် အမှုကြီးပြီး ၃ခါ ၄ခါနာရမယ့်အန္တရာယ်က စောင့်နေပါတယ်။
တွေးကြည့်လိုက်ရင် မောစရာတော်တော်ကောင်းပါတယ်။ ဒီလောက်နဲ့ ပြီးပြီလို့မထင်ကြပါနဲ့ဦး။ နောက်ထပ် ခံရဦးမယ့်ဟာတွေ အများကြီးရှိပါသေးတယ်။ ပြောခဲ့သလိုပဲ ပွဲစားခ၊ မြန်မာအေဂျင်စီခ လာဘ်စားခ အစရှိတဲ့ဟာတွေကို ငွေကုန်ကြေးကျအများကြီးပေးပြီး ပတ်စ်ပို့၊ဗီဇာ၊အလုပ်လုပ်ခွင့်လက် မှတ်(Work Permit) တွေရလာကြပြီပဲဆိုပါစို့။ ဒီတစ်ခေါက် မြန်မာအစိုးရကထုတ်ပေးတဲ့ ပတ်စ်ပို့က အရင်လို ထိုင်းတစ်နိုင်ငံထဲသွားလို့ရတဲ့ဟာမဟုတ်ပါဘူး။ နိုင်ငံတကာကိုသွားလို့ရတဲ့ဟာပါ။ ရုတ်တ ရက်ဆိုတော့ အင်မတန်ပဲ ၀မ်းသာစရာကောင်းသပေါ့။ သေသေချာချာတွေးကြည့်တော့ ဒါဟာ အန္တရာယ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာရှိတဲ့မြန်မာအလုပ်သမားတွေဟာ မတတ်သာလို့သာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတာပါ။ ဖြစ်နိုင်ရင်တော့ ဒီ့ထက်သာတဲ့နေရာမှာ လုပ်ချင်ကြတဲ့သူချည်း ပါပဲ။
ဒါကို ကောင်းကောင်းသိတဲ့ မြန်မာနဲ့ထိုင်း အေဂျင်စီတွေ၊ ပွဲစားတွေ၊ လူလိမ်တွေ က နိုင်ငံခြားပို့ ပေးမယ်၊ ကိုးရီးယား၊ ဂျပန်၊ သြစတေးလျ၊ ဥရောပ၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေပို့ပေးမယ်နဲ့ ဖြား ယောင်းသိမ်းသွင်းကြတော့မှာပါ။ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားအများစုဟာ နိုင်ငံတကာအတွေ့ အကြုံနည်းကြတော့ အလွယ်တကူနဲ့ယုံကြမှာလဲ ကျိန်းသေပါပဲ။
ဒီလိုပြောလို့ အထင်သေးလိုက်တာလို့ ကောက်ချက်မချပါနဲ့ဦး။ လွန်ခဲ့တဲ့ ၂နှစ်က မဟာချိုင် အုန်းနွဲ့ စတဲ့နယ်မြေတွေမှာ ၅နိုင်ငံသွားလို့ရတဲ့ပတ်စ်ပို့လုပ်ပေးမယ်ဆိုပြီး လူပေါင်းရာချီအလိမ်ခံလိုက်ရတဲ့ အဖြစ်က သက်သေပါ။ ဘတ်ငွေသိန်းပေါင်းများစွာ လိမ်ခံထိခဲ့တာပါ။ ဆိုတော့ကာ အခုလည်း အလိမ်ခံရဦးမှာပဲဆိုတာ ကျိန်းသေပါပဲ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အလုပ်ကြမ်းသမားကို လွယ်လွယ်နဲ့ မပေးဝင်ပါဘူး။ ကျွမ်းကျင်အလုပ်သမားတွေကိုသာ လွယ်လွယ်ပေးဝင်တာပါ။ ထိုင်းနိုင်ငံမှာလဲ ထိုင်းလူမျိုးတွေကိုယ်တိုင် အလိမ်ခံထိပြီး နိုင်ငံခြားပို့တဲ့အမှုတွေ ဒုနဲ့ဒေးပါပဲ။ တစ်ချို့ဆို ပြည့်တန်ဆာရုံမှာ ရောင်းစားခံထိတာတွေလဲ ရှိကြပါတယ်။ အခုလက်ရှိမှာ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ဟာ အိမ်ဖေါ်အလုပ်သမား အများအပြားလိုအပ်နေပါတယ်။ အေဂျင်စီအမျိုးမျိုးက မြန်မာနိုင်ငံထဲဝင်ပြီး လူခေါ်ဖို့ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ မီဒီယာတွေက ဖေါ်ပြကြလို့ ထင်သ လောက်လူမရကြပါဘူး။ မြန်မာအစိုးရကလည်း တင်းကြပ်တဲ့စည်းကမ်းမျိုးတွေထုတ်ထားတော့ လုပ်ရ ကိုင်ရ အင်မတန်ခက်နေပါတယ်။
ဒီတော့ ထိုင်းနိုင်ငံမှာ အသက် ၁၈-၃၅ အရွယ်ကောင်းမြန်မာမိန်းခလေးတွေ ၁သန်းလောက်ရှိပါတယ်။ အိမ်ဖေါ်အလုပ်သမားခေါ်ဖို့အတွက် ဈေးကွက်ကို ထိုင်းရောက်မြန်မာတွေဖက်လှည့်လာပါတော့မယ်။
အခုကတည်းက ဟောင်ကောင်၊စင်ကာပူတို့ကို အိမ်ဖေါ်ပို့ချင်နေတဲ့ မြန်မာအေဂျင်စီတချို့ လက်ခမောင်းခတ် ပြင်ဆင်နေကြပါပြီ။ သူတို့အတွက်တော့ ဒါဟာတကယ့်ငွေသိုက်ကြီးပါပဲ။ တစ်ယောက်ပို့ရင် အနံဆုံးဒေါ်လာ၅၀၀-၁၀၀၀ လောက်ရမှာဆိုတော့ အယောက်၁ထောင်ဆို… အယောက်၁သောင်းဆို.. စတဲ့ ဈေးတွက်တွက်ပြီး ၀မ်းသာနေကြပါပြီ။ ဒီ့ထက်ဆိုးတာ ရှိပါသေးတယ်။ တရုတ်နိုင်ငံကို တရုတ်မယားအဖြစ်ရောင်းစားမယ့်ဈေးကွက်ပါ။ မြန်မာပြည်မှာလုပ်ရတာ အဖမ်းခံရနိုင် တဲ့အန္တရာယ်များပါတယ်။ ပွဲစားတွေအနေနဲ့ထိုင်းကမြန်မာမလေးတွေကို စည်းရုံးသိမ်းသွင်းရင် ပိုလွယ် ပြီး ပိုအန္တရာယ်ကင်းမှာပါ။ တွေးကြည့်လေ ရင်မောစရာကောင်းလေပါပဲ။
စာရှည်သွားပြီဖြစ်တဲ့အတွက် နောက်တစ်ပိုင်းမှာ ဒီအဖြစ်တွေကို ဘယ်လိုကာကွယ်သင့်သလဲ၊ ဖြေရှင်း သင့်သလဲဆိုတာတွေကို ထပ်ရေးပါမယ်။ အထူးမေတ္တာရပ်ခံချင်တာကတော့ ကျနော်တို့ရေးခဲ့တာတွေ ကို လက်ခံတယ်ဆိုရင် မိမိပတ်ဝန်းကျင်က အင်တာနက်မသုံးနိုင်တဲ့၊ ဘာမှမသိရှာတဲ့ ဘ၀တူအလုပ် သမားတွေကို ပြန်လည်ဖြန့်ဝေပေးပါ။ အားလုံးပူးပေါင်းပါဝင်မှသာလျှင် ကျနော်တို့ရဲ့ အမြတ်ထုတ်၊ ခေါင်းပုံဖြတ်ခံနေရတဲ့ဘ၀တွေက သက်သာခွင့် လွတ်မြောက်ခွင့်ရှိလာမှာဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။
ပထမပိုင်းကိုဖတ်ချင်ရင်တော့ ဒီမှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်...
သေချာအောင်ဖတ်ချင်တယ်ဆိုရင်တော့...ဒီမှာ သွားဖတ်နိုင်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..ကျွန်နော်လည်းအခုတစ်လော အလုပ်ကမအား နည်းပညာ
တွေလည်း တင်ပေးချင်တယ်ဗျာ..အလုပ်မအားလို့ တင်ပေးမဖြစ်တာ အားလုံး နားလည်ပေးကြပါနော်..
အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးမှာ အသစ်တင်သမျှ fb က
ဖတ်ချင်တယ်ဆိုရင်တော့ pages လေးကိုနိုပ့်လိုက်ပါ....အားလုံးအဆင်ပြေပါစေ......
0 comments:
Post a Comment