စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
ဝါဆိုလကို
ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့်
အချိန်ဟာ လည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအတွက်လည်း ၀ါတွင်းကာလ တွင် အစဉ်အလာလုပ်နေကျ
ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင်
မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း
ကြိုတင် လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။ ဆရာရော ဒကာများအတွက်ပါ
ဝါတွင်းကာလသည် အရေးကြီး သည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင်
ဘာကြောင့် အရေးကြီးတာလဲ…။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ…၊
ဝါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ… စတဲ့ ၀ါဆို ၀ါကပ်ခြင်း အပါအ၀င်
ဝါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။
ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို
ပြောဆိုလုပ်ကိုင်ရတယ်ဆိုတာ မသိကြသေး တဲ့ သူများအတွက် ၀ါဆိုအကြောင်း
သိကောင်းစရာလေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေ ဖို့
ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ဝါဆိုဝါကပ်ခြင်းဟူသည်…၀ါဆိုဝါကပ်တယ်ဆိုတာ “၀ိနည်းတော်အရ သတ်မှတ်ထားတဲ့ မိုးရာသီကာလတွင် အခြားအရပ်ဒေသသို့ ညအိပ်ညနေ ကြွရောက်ခြင်းမရှိဘဲ မိမိတိုင်ဆိုင်ရာ ကျောင်းအရမ်အတွင်းမှာသာ နေထိုင်သီတင်းသုံးပါမည့် အကြောင်း ဘုရားရှင်နှင့် သီတင်းသုံး သံဃာတော်များရှေ့တွင် နှုတ်မှမြွက်ဆို ကတိပြုခြင်းနှင့် ထိုကတိပြုမြွက် ဆိုထားသည့် ကာလအတွင်း ကျောင်းတိုက်အရာမ်တွင်းမှာသာ ကပ်ရောက်နေထိုင်ခြင်း” ကို ဆိုပါတယ်။
ဝါဆိုခြင်းအစဉ်အလာ စတင်ခြင်းဒီဝါဆိုဝါကပ်ခြင်း အစဉ်အလာသတ်မှတ်ချက် ၀ိနည်းဥပဒေဟာ ဘုရားရှင်ဘုရားဖြစ်တော်မူမူချင်း သတ်မှတ် ထားတဲ့ ၀ိနည်းဥပဒေမဟုတ်ပါဘူး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ၀ိနည်းပညတ်တော်ဖြစ်ပါတယ်။ ဒီဥပဒေ သတ်မှတ်ချက် ဖြစ်ပေါ်လာပုံမှာ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ ဒီတုန်းက မြတ်စွာဘုရားအနေဖြင့် ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်ဆိုတဲ့ ၀ိနည်းဥပဒေ မရှိသေးတဲ့အတွက် ရဟန်းတော်များဟာ နွေးမိုးဆောင်း ဥတုသုံးပါးလုံးမှာ အချိန်မရွေး မိမိတို့သင့်ရာ နေရာများကို လှည့်လည်ကြွရောက်လေ့ ရှိကြပါတယ်။ အဲလိုကြွတဲ့အခါ မိုးတွင်းကာလမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်း များဟာ ရဟန်းတော်များ ဖြတ်လျှောက်သွားကြလို့ ပျက်ဆီးမှုတွေ ရှိလာပါတယ်။ ဘုရားလက်ထက်ကတော့ ဘယ်ကြွကြွ ခြေလျင်ပဲ ကြွကြရတာဖြစ်လို့ လယ်ကွင်းစိုက်ခင်းများကပဲ ရဟန်းတော် များ ဖြတ်သန်းသွား လာကြ ရပါတယ်။ နွေရာသီ ဆောင်းရာသီများမှာ ပြဿနာမရှိပေမယ့် မိုးရာသီမှာတော့ စိုက်ပျိုးမှုများ ရှိလာပြီး ရဟန်းများကြောင့် သီးနှံစပါးစိုက်ခင်းများ ပျက်ဆီးလာတဲ့အတွက် လူတွေဟာ ကဲ့ရဲ့လာကြပါတယ်။ ဒီအကြောင်းကို ဘုရားရှင်က သိရှိတော်မူပြီး မိုးရာသီကာလတွင် ၀ါဆိုဝါကပ်ခြင်းကို ပြုကြရမယ်၊ ၀ါမဆိုမကပ် ပါက ဒုက္ကဋ်အာပတ်သင့်စေဟု ၀ိနည်းဥပဒေ ပညတ်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ၀ါဆိုဝါကပ်ခြင်း အစဉ် အလာ ဥပဒေစတင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဝါဆိုကာလ သတ်မှတ်ခြင်းနှင့် ၀ါနှစ်မျိုးဝါဆိုရမယ်လို့ ဥပဒေ၀ိနည်းပညတ်ပြီးနောက် ဘုရားရှင်က ၀ါဆိုရမယ့် ကာလကိုလည်း အတိအကျ သတ်မှတ်ပေးပါတယ်။ ၀ါဆိုဝါကပ်ခြင်းကို ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ပြုလုပ်နိုင်ပြီး အဲဒီလို ၀ါဆို လပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ(ရှေ့)၀ါဆိုခြင်းလို့ ဆိုပါတယ်။ အကြောင်း ကိစ္စတစ်ခုခုကြောင့် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း မလုပ်နိုင်ကြတဲ့ ရဟန်းတော် များ အနေဖြင့် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒီဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကိုတော့ ပစ္ဆိမ(နောက်)၀ါဆိုခြင်းလို့ ဆိုပါတယ်။
ပုရိမ၀ါလို့ခေါ်တဲ့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များဟာ သီတင်းကျွတ် လပြည့်နေ့မှာ ၀ါထွက်ဝါကျွတ်ပြီး ပစ္ဆိမ၀ါလို့ခေါ်တဲ့ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များကတော့ တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါထွက်ဝါကျွတ်ပါတယ်။
ဝါပန်ခြင်းနှင့် ၀ါကျိုးခြင်းဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ တစ်ခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ၀ါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ၀ါပန်တယ် ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ၀ါပန်တယ်လို့ ဆိုပါတယ်။ ၀ါဆိုဝါကပ်ပြုပြီး ၀ါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ၀ါကျိုးပါတယ်။
ဝါကျိုးခြင်းနှင့် ၀ါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ၀ိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ၀ါကျိုးရင်ကိုပဲ ၀ါမရဘူး ဒီကျိုးတဲ့ ၀ါကို ၀ါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ၀ါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ၀ါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ၀ါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ၀ါဆိုဝါကပ်ပျက်ခြင်း ၀ါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ၀ဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ၀ိသာခါ ဒါယိ ကမကြီးရဲ့ တောင်းဆို ချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်း လှူဒါန်းမှုမှာ တစ် ချို့က ၀ါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ၀ါမဆိုခင်ရော ၀ါဆိုနေတဲ့ ၀ါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ၀ါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ၀ါမဆိုခင်ရော ၀ါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ၀ါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ၀ါတွင်းမှာ ဒီသင်္ကန်းကို ၀တ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

0 comments:
Post a Comment