-
နေမိမင်းသည် သိကြားမင်း၏ ပင့်ဖိတ်မှုကြောင့် တာဝတိံသာနတ်ပြည်သို့
လူသားစင်စစ်ဘ၀ဖြင့် ရောက်ခဲ့ရသော မင်းမြတ်ဖြစ်ပါသည်။ နေမိမင်းကို
မာတလိနတ်သားက ဝေဇယန္တာနတ်ရထားဖြင့် လာရောက်ပင့်ဆောင်သောအခါ မာတလိက
နေမိမင်းကြီးအား - ကောင်းမှုကြောင့်
သုခစည်းစိမ်ခံစားနေရသော သူတို့ကို မြင်ရသောလမ်းနှင့် မကောင်းမှုကြောင့်
ငရဲခံနေရသော သူတို့ကို မြင်ရသော လမ်းနှစ်လမ်းရှိသည်။ မည်သည့်လမ်းဖြင့်
သွားလိုပါသနည်းဟု မေးသည်။ နေမိမင်းက ထိုနှစ်ဋ္ဌာန စလုံးကို မမြင်ဖူးသဖြင့်
ယင်းနှစ်ဋ္ဌာနလုံးကို ကြည့်ချင်သောကြောင့် နှစ်လမ်းလုံးဖြင့်ပို့ပါဟု
ဆိုသည်။ မည်သည့်လမ်းကို အရင်သွားလိုပါသနည်းဟုမေးရာ၊ ငရဲခံစားရသောသူတို့ကို
အရင်ကြည့်ချင်ပါသည်ဟု ဆိုသဖြင့် မာတလိသည် ဝေဇယန္တာရထားကို
ငရဲဘက်သို့မောင်းနှင့်ပြီး ရှေ့ဦးစွာ ကြိမ်ပိုက်ချောင်းငရဲကို ပြလေသည်။
>-- (၁) ကြိမ်ပိုက်ချောင်းငရဲ --<
- ထိုငရဲတွင် ငရဲထိန်းတို့က မီးလျှံတောက်နေသည့် သန်လျက်၊ လှံ၊ ခက်ရင်း၊ စသော လက်နက်တို့ဖြင့် ငရဲသားတို့ကို ထိုးခုတ်ရိုက်နှက် နှိပ်စက်ညှဉ်းပန်းကြသည်။ ငရဲသားတို့သည် ယင်းသို့ ညှဉ်းဆဲသည်ကို မခံမရပ်နိုင်ကြသဖြင့် အလွန်ထက်သော သံဆူးကြီးများပေါက်နေသော မီးလျှံဟုန်းဟုန်းတောက်နေသည့် သံကြိမ်နွယ်တို့ဖြင့် ဖုံးအုပ်နေသော မြစ်ထဲသို့ ပြေးဆင်းကြကုန်၏။ ထိုမြစ်ထဲ၌ ငရဲသားတို့သည် သင်တုန်းဓားသွားတမျှ ထက်လှစွာသော မီးလျှံတောက်နေသော ကြိမ်ဆူးတို့ဖြင့် ထိုးမိကာ အပိုင်းပိုင်းပြတ်လျက် အစုန်အဆန် မျောနေကြလေသည်။ ငရဲထိန်းတို့ကလည်း ကမ်းပေါ်မှနေလျက် သန်လျက်၊ လှံ စသည်တို့ဖြင့် လှမ်း၍ ထိုးခုတ်ရိုက်နှက်ကြလေသည်။(အသေးစိတ်ကို ဖော်ပြပြီးဖြစ်သည်)
-ပြုခဲ့သည့် အကုသိုလ်-
- ဤငရဲခံစားရသော သူတို့သည် လူဖြစ်စဉ်အခါက လက်ရုံးအားကိုး၊ ပစ္စည်းဥစ္စာဓန အားကိုး၊ အာဏာအားကိုးဖြင့် ခွန်အားချို့တဲ့၊ ပစ္စည်းချို့တဲ့၊ အာဏာချို့တဲ့ သောသူတို့ကို နိုင်ထက်ကလူညှဉ်းပန်းနှိပ်စက်ကြသော သူတို့ဖြစ်ကြသည်။
- ခံရမည့်သက်တမ်းမှာ သတ်မှတ်ထားခြင်းမရှိ။ အကုသိုလ်ကံမကုန်သေးသ၍ ဥပပတ်ဇာတိအားဖြင့် ပြန်ဖြစ်ကြပြီး အဖန်တလဲလဲခံကြရ၏။
>-- (၂) ခွေးစားငရဲ --<
- ဤငရဲ၌ ဆင်ကောင်တမျှ ကြီးမားလှသော ငရဲခွေးနက်ကြီးတို့သည် ငရဲသားတို့ကို လိုက်၍ ကိုက်သတ်လေသည်။ ကိုက်မိသောအခါ ငရဲသားတို့သည် မီးလျှံတပြောင်ပြောင်တောက်နေသော သံမြေပြင်၌ ပက်လက်လဲကြသည်။ ထိုအခါ ငရဲခွေးနက်ကြီးတို့သည် ရှေ့ခြေနှစ်ဖက်ဖြင့် ရင်ဘတ်ကို နင်းကာ အသားများကိုကုန်အောင်စားကြသည်။ ထို့အတူ ဆင်ကောင်တမျှကြီးမားလှသော လင်းတငှက်တို့နှင့် ကျီးကန်းကြီးများကလည်း ကတ်ကြေးတမျှ ထက်လှစွာသော သံနှုတ်သီးတို့ဖြင့် ဦးခေါင်းကို ထိုးဆိတ်ဖောက်စားကြသည်။
-ပြုခဲ့သည့် အကုသိုလ်-
- ဤငရဲ၌ လူဖြစ်စဉ်အခါက မိမိကိုယ်တိုင်လည်းမလှူရက် မတန်းရက် နှမြောဝန်တိုလျက် သူတစ်ပါးလှူဒါန်းသည်ကိုလည်း တားမြစ်ပိတ်ပင်သူများ၊ ရဟန်း အရိယာသူတော်စင်တို့ကိုလည်း ရေးရွတ်ရှုံ့ချ ထိပါးစော်ကား ပုတ်ခတ်ပြောဆိုသူများသည် ဤငရဲ၌ ခံစားကြရသည်။

>-- (၃) မီးလျှံငရဲ --<
- ထိုငရဲ၌ ငရဲသားတို့သည် တစ်ကိုယ်လုံး မီးလျှံတွေတောက်လျက် အလျှံတပြောင်ပြောင်တောက်နေသော သံမြေပြင်၌ ပြေးလွှားနေကြရသည်။ ငရဲထိန်းတို့က ထန်းပင်လုံးခန့်ရှိသော သံတုတ်ကြီးဖြင့် စေ့စေ့ညက်ညက်တစ်ကိုယ်လုံး ကြေမွအောင် လိုက်ရိုက်ကြသည်။
-ပြုခဲ့သည့် အကုသိုလ်-
- ဤငရဲ၌ လူဖြစ်စဉ်အခါက အပြစ်မဲ့သော ယောက်ျား၊ မိန်းမတို့ကို နှိပ်စက်ညှဉ်းပန်းသော သူတို့သည် ကျရောက်ခံစားရသည်။

---> ဆက်လက်ဖော်ပြပါဦးမည်။ (Koenig Leon)

(ငရဲပြည်အကြောင်း သိကောင်းစရာ မှ ပြည်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment