(ဒါန ၊ သီလ ၊ ဘာဝနာ ၊ သုံးခုမှာဘယ်ဟာအရေးကြီးဆုံးပါလဲ
ဘုရား။ တချို့က သံသရာမှလွတ်မြောက်ချင်လျှင် ဒါန၊သီလ မလိုအပ်ဘူးလို့
ဆိုနေကြများမှာမှန် မမှန်ဖြေ ကြားပေးစေလိုပါ၏။)
“ဘုရားဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၏”လို့
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက
ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှာ ရေးသားခဲ့တယ်။ဘုရားအလောင်းတွေဟာ ပါရမီဖြည့်ရင် ဒါနပါရမီကို အရင်ဖြည့်လေ့ရှိကြတယ်။
အရပ်ထဲမှာ လူတွေက ပြောကြတယ်။ “အူမတောင့်မှ
သီလစောင့်နိုင်မှာပေါ့”တဲ့။ မရှိလို့ မလှု မလှုလို့ မရှိတဲ့။ မရှိရင်
အူမတောင့်မှာ မဟုတ်ဘူး။ ဒီတော့ အူမတောင့်ဖို့အတွက် ရှိဖို့လိုတယ်။
ရှိဖို့အတွက် လှုဖို့လိုတယ်။ လှုတယ်ဆိုတာ ဒါနပြုတာပဲ။
ဒါနမရှိတော့ အရာရာ ချို့တဲ့တယ်။ အရာ ချို့တဲ့တော့
အူမမတောင့်တော့ဘူး။ အူမ မတောင့်တော့ သီလမစောင့်နိုင်ဘူး။ ဒါကြောင့် ဒါန
မရှိသူများဟာ သီလပါရမီကို ဖြည့်ကျင့်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။
သီလပါရမီကို မဖြည့်ကျင့်နိုင်မှတော့ သစ္စာပါရမီလဲ
ဖြည့်ကျင့်နိုင်မှာ မဟုတ်တော့ဘူး။ မေတ္တာပါရမီလဲ မပြည့် ကျင့်နိုင်တော့ဘူး။
ကိုယ်ထက်ချမ်းသာတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်တော့မယ်လေ။ ဘယ်မှာ
မေတ္တာ ပါရမီဖြည့်နိုင်ပါတော့မလဲ။
နောက်ဆုံး ကိုယ့်ထက်ချမ်းသာသူက စေတနာနဲ့
ပြောတဲ့စကားကိုတောင်မှ “ငါ့ကို မရှိလို့ ဆင်းရဲလို့ ဒါမျိုးစကားကို
ပြောတာ”လို့ ထင်တတ်ကြတယ်။ ဒီတော့ ခန္တီပါရမီလဲပျက်ပြီ။ဒါနပါရမီချို့တဲ့လိုက်တာနဲ့ ကျန်တာ တဲ့ပါရမီတွေကို
ဖြည့်ကျင့်ဖိုဆိုတာ အင်မတန် ခက်ခဲသွားပါတယ်။ ဒါကြောင့်
ဘု၇ားအလောင်းတော်များ ဟာ ဒါနပါရမီကို အရင်ဖြည့်ကျင့်ကြတာပါ။
နောက်ပြီးတော့ ဘာဝနာအလုပ်ကို လုပ်မဲ့သူဟာ အနိမ့်ဆုံးအားဖြင့် ငါးပါးသီလကို လုံခြုံရပါတယ်။ သီလ မရှိသူဟာ စိတ်ငြိမ်သက်တည်ကြည်မှု မဖြစ်နိုင်ပါဘူး။
စိတ်ငြိမ်သက် တည်ကြည်မှု မဖြစ်ရင် ဖြစ် ပျက် သဘောတရားတွေကို မြင်နိုင်မှာ
မဟုတ်ပါဘူး။ ပျက် ဖြစ် သဘောတရားတွေကို မမြင်နိုင်ပဲနဲ့တော့ ဘာတဏှာမှလဲ
ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။ တဏှာ မချုပ်ငြိမ်းမှတော့ ဘယ်မှာ သံသရာထဲက
လွတ်မြောက်နိုင် ပါတော့မလဲ။ အလေးအနက် စဉ်းစားကြည့်စေလိုပါတယ်။
ဒါန သီလက လိုအပ်လို့ ဘုရားအလောင်းတွေ ဒါနပါရမီ
သီလပါရမီတွေကို ဖြည့်ကျင့်ခဲ့ကြတာပေါ့။ မလိုရင် အပိုအလုပ်တွေဆိုရင် ဘယ်မှာ
လုပ်နေကြပါ့မလဲ။ ဒါန သီလ မလိုဘူးလို့ ပြောသူများဟာ ဗုဒ္ဓဘုရားရှင်တွေထက် ပိုတော် ပိုတတ်တဲ့ သူများထင်ပါရဲ့။ တချို့ လူ့ဗလချာ ဗာလမျိုးတွေက ခုဇ္ဇုတ္တရာတို့
အင်္ဂုလိမာလာတို့ဟာ သူခိုးနဲ့ လူသတ်သမားတွေပါ။ သူတို့ဘယ်မှာ သီလလုံလို့လဲ။
သီလမလုံပဲ တစ်မဂ်တစ်ဖိုလ်ရသွားခဲ့ကြတာပဲ။ ဒါကို ကြည့်သောအားဖြင့် သီလ
မလိုပါဘူးလို့ ပြောလေ့ရှိကြတယ်။
ပစ္ဆိမဘ၀ိကဖြစ်တဲ့ ဒီဘ၀မှာ မဂ်ဖိုလ်ရဖို့ ကျိန်းသေနေတဲ့
ပါရမီရှင်ကြီးတွေနဲ့များ သူတို့မို့ မတန်မရာ နှိုင်း ယှဉ်ကြပါပေရဲ့။
သူတို့တွေဟာ ပါရမီတွေကို အကုန်အပြည့် ဖြည့်ပြီးကြပြီ။ ဒီဘ၀လေးကိုပဲ
ကွက်ကြည့်နေ ရင်တော့ မှားမှာပေါ့။
နောက်ပြီးတော့ နိဗ္ဗာန်ဝင်တာချင်း အတူတူတောင်
ဒါနရှိသူများကျတော့ မပင်မပန်းချမ်းချမ်းသာသာ သူဌေးကြီး ဘ၀နဲ့ ၀င်ရတယ်။
ဒါနမရှိသူများကြတော့ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် သူတောင်းစားဘ၀နဲ့
နိဗ္ဗာန်ဝင်ရတယ်။
နောက်ဆုံးပြောချင်တာက ဒါန သီလ ဘာဝနာ
အားလုံးအရေးကြီးပါတယ်။ နိဗ္ဗာန်ရဖို့အတွက် ဒါန သီလ မလိုဘူးလို့
ပြောတဲ့စကားဟာ သွက်သွက်ခါအောင် မှားယွင်းပါတယ်။
0 comments:
Post a Comment