ပုဂံပြည် “နရသီဟပတေ့”မင်း၏ “စောလုံ”မည်သော
မိဖုရားသည် အပြစ်ကင်း၍ ကောင်းခြင်းအင်္ဂါလက္ခဏာ အသွင်အပြင်နှင့်
ပြည့်စုံသောကြောင့် မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံး
မိဖုရားတစ်ဦးပေတည်း၊ ထိုမင်းသည် နွေလအခါဝယ် ဧရာဝတီမြစ်ကမ်းတွင်
စံနန်းတော်တည်၍ မောင်းမမိဿံ အခြွေအရံများနှင့် အတူ ရေကစားတော်မူမြဲ ဖြစ်၏၊
အခါတစ်ပါးဝယ် မိဖုရားစောလုံကို ကျီစယ်လိုသဖြင့် မျက်နှာဆံပင်ပါမကျန်
တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့်ပက်စေတော်မူသည်။
စောလုံမိဖုရားသည်
ကျီစယ်သည်ကို အပြစ်ဟု ထင်မှား၍ ရန်ငြိုးထားပြီးလျှင် “မိန်းမတို့ဓမ္မတာ
သာမန်အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည်” အားလျော်စွာ အနာကြီး နာသောကြေင့်
စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်၊ ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲ
ခွေးကို ကျွေးစေရာတွင် တစ်ခဏချင်း ခွေးသေသည်ကိုမြင်၍ ပွဲတော်ဆက်သူကို
စစ်ဆေးသောအခါ မိဖုရားစောလုံ အပေါ်ကျရောက်၏၊ မိဖုရားကို စစ်ဆေးပြန်ရာ
“မိမိကို တစ်ကိုယ်လုံးစိုအောင် ရေပတ်စေလျက် အရှက်ခွဲသောကြောင့်
မကျေနပ်သည့်အတွက် အသက်ကို လုပ်ကြံကြောင်း”ဟု ပြတ်တောင်းတောင်း
ခပ်မာမာနှင့် သံတော်ဦးတင်သဖြင့် မင်းတို့ မျက်စောင်း
အကြောင်းမရွေးတတ်သည့်အတိုင်း ဆိုင်းငံ့စဉ်းစားခြင်း မရှိ၊ အမြတ်နိုးဆုံး
မိဖုရားကိုပင် ထောက်ထားတော်မမူဘဲ ပန်းပဲသမားကိုခေါ်၍
သံကျပ်စင်(ကျပ်ခိုးစင်)ကို လုပ်စေပြီးလျှင် “မီးရဲရဲငြိသော ကျပ်စင်ပေါ်တင်၍
သတ်စေ”ဟု အမိန့်ချမှတ်သည်။
မိဖုရားလည်း
ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနှစ်ရက်ကြာအောင် ကျပ်စင်ကို
ပြုလုပ်စေပြီးလျှင် တရားနာ၍ နေ့ရော ညဥ့်ပါ သီလကိုဆောက်တည်လျက် ၇-ရက်ပတ်လုံး
ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်
အာရုံပြု၍နေလျက် ၇-ရက်စေ့သောအခါ ရဲရဲညီးသော သံကျပ်စင်ထက်သို့
မကြောက်မရွံ့တက်လေရာ အလွန်အေးမြ မွှေးကြိုင်လှသော ဂေါသီတစန္ဒကူးကို
ထည့်ခတ်လိုက်သလို တစ်ခါတည်း မီးငြိမ်း၍ သွားလေသည်။
ဤနည်းအတိုင်း
ရတနာသုံးပါး၏ ဂုဏ်တော်များကို အာရုံပြုနေမူကြောင့် သုံးကြိမ်တိုင်အောင်
ထပ်ကာထပ်ကာ မီးငြိမ်းပြီးနောက် “ချမ်းသာခွင့် ရမည်မဟုတ်လျှင် တစ်ခဏချင်း
လောင်ကျွမ်းစေတော့”ဟု စိတ်ကိုလျှော့ချ ဓိဋ္ဌာန်သည့်အခါကျမှ တစ်ခဏချင်း
ကွယ်ပျောက်ရရှာလေသည်၊ မိဖုရားမရှိသည့်နောက် ဘုရင်လည်း စက်တော်ခေါ်ရာ၌
ကရောင်ကတမ်း ဖြစ်ပြီးလျှင် မိဖုရားကို တမ်းတ၍ နေရစ်ရှာလေသတည်း။ (ဤ၀တ္ထု၌ ရာဇ၀င်ဆရာတို့ ယူပုံနှင့် အနည်းငယ်ကွဲလွဲ၏၊ တွေ့ဖူးသော စာအတိုင်း ရေးသားလိုက်သည်။)
အထူးသတိပေးချက်။
။ဤပြဆိုခဲ့ပြီးသော စကားအစဉ်ဖြင့် ဘုရားရှင်နှင့်စပ်၍
တတ်သိနားလည်ထိုက်သော အချက်များကို အထိုက်အလျောက် နားလည်လောက်ပေပြီ၊
ဗုဒ္ဓဘာသာဝင်တို့သည် သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း,
ရေချမ်း, ပန်း, ဆီမီး, နံ့သာတိုင် စသည်တို့ကို ပူဇော်လေ့ရှိကြ၏၊ ထိုသို့
ပူဇော်ရာ၌ ၀တ်ကျေတန်းကျေ အိမ်နီးချင်း ရိုသေရုံသဘောမထားဘဲ ရုပ်ပုံတော်,
စေတီတော်ကို ပူဇော်သောအခါ ဘုရားကျောင်းတော်ကိုသွား၍ သက်တော်ထင်ရှား
ရှင်တော်ဘုရားအား လှူဒါန်း ပူဇော်ရသကဲ့သို့ စိတ်ထဲ၌ ထင်ယောင်မြင်ယောင်
ဖြစ်လာအောင် ပူဇော်ရာ၏၊ ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေ့လွဲသောအခါ
ပူဇော်လျှင် အပြစ်တင်လေ့ရှိသကဲ့သို့ ထို့အတူ မှောင်သောအခါ ဆီမီးပူဇော်မူကို
ပြုသင့်သည်”ဟု မထင်ပေ။
ထို့ပြင်ရုပ်ပွားတော်တည်ရာ
ဂူလိုဏ်, အာရုံခံရာတန်ဆောင်း, စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ
ဗလပွေကျအောင် ပူဇော်မူ, ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မူ, ရေတွေ ပုပ်နံအောင်
ရက်ရှည်လများထားမူကို ယခုအခါ တန်ခိုးကြီးသော ဘုရားတိုင်းမှာလိုပင်
တွေ့မြင်ရ၏၊ ထိုအမူများကို မိမိတို့ အိမ်မှာပြုလျှင် ကျေနပ်နိုင်ကြမည်,
မဟုတ်ပါဘဲလျက် ဘယ်အတွက် ဘုရားနှင့်စပ်သော အဆောက်အဦးမှာ ပြုဝံ့ကြ,
ပြုရက်ကြပါလိမ့်မည်နည်း၊ ထို့ကြောင့် ပန်း, ဆီမီး စသည်ကို ပူဇော်ရာ၌
မိမိတို့၏ ပစ္စည်းဝတ္ထုအတွက် ဘုရားနှင့်စပ်သော အဆောက်အဦး၌ မညစ်မပေစေဘဲ
ဖူးမြင်သူ လူအများတို့ သဒ္ဓါတိုးပွားအောင် သားနား သပ်ရပ်စွာ ပူဇော်ကြမှသာ
နောင်သံသရာ၌ အကျိုးပေး စင်ကြယ်နိုင်ပါသည်။
ထို့ပြင်
ဘုရားနှင့်စပ်သော အဆောက်အဦးများ၌လည်း ခမ်းနားသပ်ရပ်သော ၀တ္ထုမှတစ်ပါး
တိုလီမိုက်စ မလှပသော ပစ္စည်းဝတ္ထုမရှိမှသာ ပို၍ ကျက်သရေရှိရာသောကြောင့်
တစ်ယောက်တည်း မတတ်နိုင်လျှင် လူအများစုပေါင်း၍ ကြီးကျယ်ခမ်းနားသော
ဘုရားကျောင်း, စေတီတော် စသည်များကိုသာ တည်ထားကိုးကွယ်ခြင်း,
ကြည်ညိုဖွယ်မဖြစ်လောက်အောင် ပျက်စီးယိုယွင်းနေသော ဘုရား, ကျောင်း
စသည်များကို စုပေါင်းပြုပြင်ခြင်း,ရှိပြီးနေရာများ၌ နောက်ထပ်
တည်ထားမည့်အစား မရှိသေးသော နေရာဝယ် တည်ထားကိုးကွယ်ခြင်း စသည်တို့ဖြင့်
အရှည်ကို မြင်မြော်၍ ပူဇော်ကိုးကွယ်သင့်ကြသည်။
အမှာ။
။ယခုအခါ တစ်ချို့ ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမူ တစ်ခုကိုသာ
ရည်ရွယ်ဟန်တူ၏၊ ဘာသာ, သာသနာ အသရေရှိမူကို ရည်ရွယ်ဟန်မတူ၊ ထို့ကြောင့်
ထိုသူ၏ အလှူဝတ္ထု ပူဇော်ကိုးကွယ်မူအတွက် အမျိုး, ဘာသာ, သာသနာမှာ ဂုဏ်မတက်ဘဲ
ဂုဏ်ပျက်ရလေသည်၊ ယခုခေတ်သည် သူတစ်ပါးအလုပ်ကို ဝေဖန်ကြသော ခေတ်ဖြစ်၏၊
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ ရှင်ပြု, ရဟန်းခံ, ဘုန်းကြီးပျံ
စသော အလုပ်တို့၌ သူတစ်ပါး၏ ဝေဖန်ခံနိုင်အောင် ပြုပြင်ကြဖို့ရန်
တိုက်တွန်းပါသည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
0 comments:
Post a Comment