“သမဏဖြစ်စေ ၊ဗြာဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ ၊ဗြဟ္မာဖြစ်စေ လောက၌မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ သေခြင်းသဘောကို ''မသေစေအံ့''ဟု တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။”
( ပါဋိဘောဂသုတ်၊ ဗြဟ္မဏ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
......................................................................................
ဇာဏုသောနိပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ လာ၍ လျှောက်ထား၏။
" အရှင်ဘုရား ... လောကကြီးထဲမှာ သေရမှာ မကြောက်တဲ့သူရယ် မရှိဘူး၊ ကြောက်တဲ့သူချည်းပဲ ဘုရား "
ထိုအခါ မြတ်စွာဘုရားက -
" ပုဏ္ဏား ၊သည်လိုတစ်ထစ်ချမယူလိုက်နှင့် ၊သေရမှာကြောက်တဲ့ပုဂ္ဂိုလ်လည်းရှိ၏ ၊ မကြောက်တဲ့ပုဂ္ဂိုလ်လည်းရှိ၏ "
ဤသို့ မိန့်တော်မူ၍၊ ကြောက်သူ (၄) မျိုး နှင့် မကြောက်သူ (၄) မျိုး ရှိကြောင်းကို ဖော်ပြတော်မူ၏။
*******************************************************************
သေရမှာကြောက်သူ (၄) ဦး
....................................
၁။ အချို့သောသူသည် သားသမီး နှင့် စီးပွားဥစ္စာ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှု မကင်းသေး၊ ကာမဂုဏ်တို့၌ မကင်းသော ရာဂရှိ၏၊ မကင်းသောဆန္ဒရှိ၏၊ မကင်းသော ပူပန်ခြင်းရှိ၏။ မကင်းသောတဏှာရှိ၏။ထို ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ရောဂါဝေဒနာတစ်ခုခု ရောက်လာလျှင် " ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့သည် ငါ့ကို ဧကန်စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်စည်းစိမ်တို့ကို ဧကန်စွန့်ရတော့မည်" ဟု အကြံဖြစ်၏၊ တွေး၍ ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဖြစ်ရ၏ ။ ဤပုဂ္ဂိုလ်မျိုးသည် သေရမှာကြောက်၏။
၂။ အချို့သောပုဂ္ဂိုလ်သည် မိမိခန္ဓာကိုယ်ပေါ်၌ တွယ်တာမှုမကင်းသေး၊ ကိုယ်၌မကင်းသော ရာဂရှိ၏၊ မကင်းသော ဆန္ဒရှိ၏၊ မကင်းသော ပူပန်းခြင်းရှိ၏၊ မကင်းသော တဏှာရှိ၏။ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဒေနာတစ်ခုခု ရောက်လာလျှင် " ချစ်လှစွာသော ငါ့ခန္ဓာကိုယ်က ငါ့ကို စွန့်တော့မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်" ဟု တွေး၍ ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဖြစ်ရ၏ ။ ဤပုဂ္ဂိုလ်မျိုးသည် သေရမှာကြောက်၏။
၃။ အချို့သောသူသည် ကုသိုလ်ကောင်းမှု မပြုရသေး၊ အကုသိုလ်မကောင်းမှုကို ပြုပြီးဖြစ်နေ၏။ ထိုပုဂ္ဂိုလ်၏ သန္တာန်မှာ ရောဂါဒေနာတစ်ခုခု ကပ်ရောက်လာလျှင် " ငါ့မှာ ကုသိုလ်ကောင်းမှုရယ်လို့ မရှိသေး၊ အကုသိုလ်တွေ ပြုထားမိသည်" ဟု တွေး၍ ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဖြစ်ရ၏ ။ ဤပုဂ္ဂိုလ်မျိုးသည် သေရမှာ ကြောက်၏။
၎။ အချို့သောသူသည် သူတော်ကောင်းတရား၌ ယုံမှား၏၊ မဝေခွဲနိုင်၊ ဆုံးဖြတ်ခြင်းသို့ မရောက်နိုင်၊ (ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးကို နားမလည်၍ ) ယုံမှားသံသယ ၀ိစိကိစ္ဆာတွေရှိနေ၏၊ အကြောင်းဖြစ်လို့ အကျိုးဖြစ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်ရသည်ကို နားမလည် ၊ထိုပုဂ္ဂိုလ်မျိုး သန္တာန်မှာ ရောဂါ ဝေဒနာတစ်ခုခု ရောက်လာလျှင် " ငါ့မှာ သံသယ၀ိစိကိစ္ဆာတွေရှိနေသည်" ဟုတွေး၍ ပူဆွေး၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီးဖြစ်ရ၏ ။ ထိုပုဂ္ဂိုလ်မျိုးသည် သေရမှာကြောက်၏။
အကျဉ်းချုပ်
.........
၁။ ငါးဖြာ အာရုံ ကာမဂုဏ်တို့ကို မစွန့်နိုင်သူ တစ်ယောက်၊
၂။ မိမိခန္ဓာကိုယ်ကို ခင်တွယ်သည့်ပုဂ္ဂိုလ်တစ်ယောက်၊
၃။ အကုသိုလ်များ၍ ကုသိုလ်နည်းသူ ပုဂ္ဂိုလ်တစ်ယောက်၊
၎။ သူတော်ကောင်းတရား၌ ယုံမှားသူ၊ (ပဋိစ္စသမုပ္ပါဒ်အရ အကြောင်းဖြစ်လို့ အကျိုးဖြစ်၊ အကြောင်းချုပ်လို့ အကျိုးချုပ်ဆိုသည် မသိ၍) ၀ိစိကိစ္ဆာရှိနေသူတစ်ယောက် တို့ ဖြစ်ကြသည်။ ဤသည်တို့ကား သေရမှာကြောက်သူလေးမျိုးတို့ဖြစ်၏။
**********************************************************************
သေရမှာ မကြောက်သူ (၄) ဦး
.......................................
၁။ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုကင်းနေသူ ဖြစ်၏၊ ကာမဂုဏ်တို့၌ ရာဂကင်း၏၊ဆန္ဒကင်း၏၊ ပူပန်ခြင်းကင်း၏၊ တဏှာကင်း၏။ လက္ခဏာရေး သုံးပါးတင်၍ မြင်ထားသူဖြစ်သည်၊ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ပြင်းစွာတွေဝေခြင်းသို့မရောက်၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်သို့ ရောဂါဝေဒနာ ရောက် လာသော်လည်း သေရမှာမကြောက်၊ အဘယ့်ကြောင့်ဆိုသော် သုဂတိ၊ (သို့မဟုတ်) နိဗ္ဗာန် ကို မြင်ထားသောကြောင့်ဖြစ်သည်။
၂။ ခန္ဓာကိုယ်ပေါ်၌ တွယ်တာမှု ကင်းနေသူ ဖြစ်၏၊ ကိုယ်၌ ရာဂကင်း၏၊ ဆန္ဒကင်း၏ ပူပန်ခြင်းကင်း၏၊ တဏှာကင်း၏။ လက္ခဏာရေးသုံးပါးတင်၍ မြင်ထားသူ ဖြစ်သည်၊ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်၊ထိုပုဂ္ဂိုလ်မျိုး သန္တာန်သို့ရောဂါဝေဒနာ ရောက်လာသော် လည်း သေရမှာမကြောက်။ အဘယ်ကြောင့်ဆိုသော် သုဂတိ (သို့မဟုတ် ) နိဗ္ဗာန်ကို မြင်ထားသော ကြောင့် ဖြစ်သည်။
၃။ အကုသိုလ်တွေ နည်းပါး၍ ၊ ကုသိုလ်တွေများသူ ဖြစ်သည်၊မကောင်းမှု အကုသိုလ်ကို မပြု ၊ ကုသိုလ်ကို ပြုပြီးဖြစ်သည်။ လက္ခဏာရေးသုံးပါး တင်၍ ၀ိပဿနာဖြင့် နေသူလည်း ဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်၊ ထိုပုဂ္ဂိုလ်မျိုးတို့ သန္တာန်သို့ ရောဂါ ဝေဒနာရောက်လာသော်လည်း သေရမှာမကြောက်။ အဘယ်ကြောင့်ဆိုသော် သုဂတိ၊ (သို့မဟုတ်) နိဗ္ဗာန်ကို မြင်ထားသောကြောင့် ဖြစ်သည်။
၎။ သူတော်ကောင်းတရား၌မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏ (ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဖြစ်ပုံကို သဘောပေါက်ထား၍ ) သံသယ၀ိစိကိစ္ဆာမရှိ၊ ၀ိပဿနာဖြင့် နေသူလည်း ဖြစ်သည်။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ပြင်းစွာတွေဝေခြင်းသို့မရောက်၊ ထိုပုဂ္ဂိုလ်မျိုးတို့ သန္တာန်သို့ ရောဂါဝေဒနာရောက် လာသော်လည်း သေရမှာမကြောက်၊ အဘယ်ကြောင့်ဆိုသော် သုဂတိ (သို့မဟုတ်) နိဗ္ဗာန်ကို မြင်ထားသောကြောင့် ဖြစ်သည်။
- (အဘယသုတ် ၊ ဗြဟ္မဏ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
-by Koenig Leon

(ငရဲပြည်အကြောင်းသိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment